မော်လမြိုင် ၊ မေ (၁၃)

အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်က မြို့နယ်တချို့မှာ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းဖို့ ဖိအားပေးလာတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းဖို့အအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်အကြီးအကဲတွေ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်၊ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ စစ်ကောင်စီ ပြည်နယ်အဆင့် အကြီးအကဲတွေနဲ့ စစ်တပ်ဘက်ကလူတွေက ရပ်ရွာလုံခြုံရေးအဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ မြို့နယ်တွေမှာ အမြန်ဆုံးဖွဲ့စည်းကြဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။



အဲဒီအစည်းအဝေးပြီးနောက် စစ်ကောင်စီဘက်က သူတို့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေ အပါအဝင် စစ်အုပ်စုထောက်ခံသူတွေနဲ့ အရန်မီးသတ်တပ်ဖွဲ့တွေကို ရပ်ရွာလုံခြုံရေးအဖွဲ့မှာ ပါဝင်ကြဖို့ လိုက်လံစည်းရုံးလာတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံနဲ့ ရေးမြို့နယ်တို့မှာ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ အမြန်ဆုံး ဖွဲ့စည်းသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ပြောခွင်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ လုံခြုံရေးအဖွဲ့ဝင် တွေအပြင် ပြည်သူတွေပါ ပါဝင်မှာ ဖြစ်ကြောင်းနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးသွားမယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ပြည်သူ့လုံခြုံရေးစနစ် အကောင်အထည်ဖော်တာဟာ ပြည်သူအချင်းချင်း ပြန်တိုက်ခိုက်ခိုင်းတာ ဖြစ်ပြီး ဒီအခြေအနေဟာ စစ်တပ်ဘက်က အင်အားချိနဲ့ လာတာကို ပြသနေတာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.