မော်လမြိုင် ၊ မေ (၁၂)

မွန်ပြည်နယ်အတွင်းက ငါးဖမ်းလှေတွေဟာ ပြီးခဲ့တဲ့ ငါးဖမ်းရာသီမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် လာမယ့် ငါးဖမ်းရာသီမှာ လှေပြန်ထွက်ဖို့ အခက်အခဲ ရှိနေကြတယ်လို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ငါးလုပ်ငန်းရှင်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်လာတာနဲ့ ငါးဖမ်း ဆက်စပ်ပစ္စည်း အပါအဝင် အထွေထွေကုန်ကျ စရိတ်ကြီးမြင့်တာအပြင် ငါးအထိအမိ နည်းပါးခဲ့တဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ငါးဖမ်းလှေတွေဟာ ငါးရာသီ မပိတ်ခင်မှာဘဲ လုပ်ငန်းတွေ ရပ်နားခဲ့ရတဲ့ အတွက်ကြောင့် လာမယ့် ငါးဖမ်းရာသီမှာ လှေပြန်ထွက်ဖို့ ငွေကြေး အရင်းအနှီးအတွက် အခက်အခဲတွေ ရှိလာခဲ့တယ်လို့ ငါးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“လက်ရှိ ရာသီမှာ ဘယ်လို အခက်အခဲနဲ့ ကြုံတွေ့ ခဲ့ရလည်းဆိုတော့ လောလောဆယ် ဆီဈေးက ကြီးတယ်၊ ငါးအထိအမိက တအားနည်းတယ်၊ အလုပ်သမားခတွေက ဈေးကြီးတယ်၊ လုပ်ငန်းတွေက အခုဆိုလို့ရှိရင် ဘယ်လောက် ရှိလည်းဆိုရင် (၃)လလောက် ရှိပြီး လုပ်ငန်းတွေ ရပ်ထားတာ၊ လုပ်ရင်းလုပ်ရင်းနဲ့ တဖြည်းဖြည်းနဲ့ အရှုံး (၁)လ (၂)လလောက် အရှုံးပြတာနဲ့ အခု သိမ်းလိုက်တာပေါ့၊ လုပ်ငန်းတွေ ရပ်ထားတာပေါ့၊ ကျွန်တော်တို့က ဒီကုန်ဈေးနှုန်းတွေက ဥပမာအားဖြင့် ငါးဈေးကတော့ မတက်ဘူးဗျာ၊ ကျန်တဲ့ ကုန်ဈေးနှုန်းတွေက အကုန်လုံး လိုက်တက်နေတယ် ဆိုလို့ရှိရင်တော့ ငါးဒိုင်တွေမှာ ငွေချေးရတာပေါ့”လို့ ဆိုပါတယ်။


တဖက်မှာတော့ ငါးလုပ်ငန်းရှင်တွေဟာ ငါးဖမ်းရာသီပိတ်ချိန်မှာ ငါးဖမ်းလှေ အပါအဝင် ငါးဖမ်းပိုက်နဲ့ စက်ပိုင်းဆိုင်ရာ ပြင်ဆင်ဖို့အတွက် ကုန်ကျစရိတ်မတတ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ဒါကြောင့် လာမယ့် ငါးဖမ်းရာသီမှာ လှေတွေ ပြန်ထွက်ဖို့ နောက်ကျနိုင်တယ်လို့ ဆိုပါတယ်။



ငါးလုပ်ငန်းရှင် တစ်ဦးကတော့ အခုကာလဟာ ငါးဖမ်း ရာသီ ပိတ်ချိန် ဖြစ်ပေမယ့် စစ်ကောင်စီဘက်က ငါးသံယံဇာတ ထိန်းသိမ်းနိုင်မှု မရှိဘဲ တရားမဝင် ငါးဖမ်းလှေ ထွက်ရှိမှုကို ဖမ်းဆီး အရေးယူမှု အားနည်းတာကြောင့် လာမယ့်ရာသီမှာ ငါးအထိအမိ နည်းပါးလာနိုင်တယ်လို့ ပြောပါတယ်။

“အခုပိတ်တဲ့ ရာသီမှာလည်း တချို့တချို့တွေ ကျတော့လည်း ပိတ်နေ တားနေပေမယ့်လည်း မသိအောင် ထွက်ကြတဲ့ သူတွေ ထွက်နေကြတယ်၊ တရားမဝင်တဲ့ လှေတွေပေါ့လေ လိုင်စင်မရှိတဲ့ လှေတွေကလည်း ထွက်နေကြတာပဲ လိုင်စင်ရှိတဲ့ လှေကြတော့ ထွက်လို့မရဘူး၊ တခြား အချိန်မှာ ဖမ်းတာနဲ့ ဒီအချိန်မှာ ဖမ်းတာ မတူဘူးလေ၊ ဒီအချိန်မှာ ဖမ်းတာက ငါးအသေးအမွားတွေ မြောက်များစွာ မိတယ်” လို့ ဆိုပါတယ်။


မွန်ပြည်နယ်မှာတော့ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေပေါင်း ၁၉၀၀ နီးပါး ရှိနေတာ ဖြစ်ပြီး အဲဒီ လုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေတဲ့ အလုပ်သမား သောင်းနဲ့ချီ ရှိနေတာပါ။

ဒါပေမယ့် မွန်ပြည်နယ်က ငါးလုပ်ငန်းတွေဟာ တခြားလုပ်ငန်းတွေ နည်းတူ စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေး ရိုက်ခတ်မှုတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.