မော်လမြိုင် ၊ မေ (၁၁)
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ မြန်မာငြိမ်းချမ်းရေးအတွက် အထောက်အကူ မပြုနိုင်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဝေဖန်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ တက်ရောက်ဖို့ အမည်စာရင်း ပေးထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
အဲဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် အဖွဲ့ ၇ ဖွဲ့နဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ အဖွဲ့အစည်းတွေ မပါဘဲ ငြိမ်းချမ်းရေး ဆွေးနွေးမယ့်အပေါ် နားမလည်နိုင် ဖြစ်ရသလို ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အထောက်အကူ မပြုနိုင်ဘူးလို့ မှတ်ချက်ပြုပါတယ်။
“ဗမာပြည်မှာ စစ်ရေးပဋိပက္ခပြင်းထန်မြင့်မားနေတဲ့ NUG၊ PDF တွေ နောက်ပြီးတော့ EAOs တွေ၊ EAOs တွေနဲ့ တွဲဖက်လှုပ်ရှားနေတဲ့ PDF တွေ မပါဘဲနဲ့ ငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက် မယ်ဆိုတာတော့ ကျွန်တော်တော့ နားမလည်နိုင်ပါဘူး။အဲဒီတော့ အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တည်ဆောက်မယ့် ငြိမ်းချမ်းရေးကတော့ ငြိမ်းချမ်းရေးသဲပုံစေတီပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ရေဝင်လာလို့ ရှိရင် ပျောက်သွားမှာပဲ။ဘာမှ ဗမာပြည်ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်တဲ့ ဆွေးနွေးပွဲတော့ မဖြစ်နိုင်ပါဘူး”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်တွေ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေ ရှိလာနိုင်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ကလည်း သူတို့ရဲ့ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ ခေါင်းစဥ်နဲ့ အကျိုးစီးပွားဆိုင်ရာကိစ္စတွေ ဆွေးနွေးလာနိုင်တယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရ နန်းယဉ်ယဉ်စိုးကတော့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NCA မူဝါဒအတိုင်း တက်ရောက်ရတာ ဖြစ်ပြီး ဆွေးနွေးမယ့် အကြောင်းအရာတွေကို တိုင်ပင်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
“အစ်မတို့ရဲ့ NCA အနှစ်သာရ မူသုံးချက်၊နိုင်ငံရေးရည်မှန်းချက် ၇ ချက်နဲ့ လမ်းပြမြေပုံ ၈ ဆင့်အပေါ် အခြေခံပြီးတော့မှ သွားတာ ဖြစ်ပါတယ်။အဲဒါ အစ်မတို့ရဲ့ မူဝါဒ ဖြစ်တယ်။အစ်မတို့က သွားမယ့် ကိုယ်စားလှယ်အဖွဲ့ထဲမှာ မပါတော့ သူတို့ဟာသူတို့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။အဲဒါက လုပ်ငန်းစဥ်ဆိုင်ရာ နောက်ဆက်တွဲ Process တွေကို ဆွေးနွေးမယ့်သူတွေက ဘာတွေ ဆွေးနွေးမလဲ၊ ဘယ်လိုမျိုးတွေ သွားမလဲဆိုတာတော့ သူတို့ တိုင်ပင်ဆွေးနွေးနေဆဲပဲ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ – KNU/KNLA/PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ၊ ဝပြည်သွေးစည်း ညီညွတ်ရေးတပ် UWSA ၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP( SSAA) တို့ တက်ရောက်ဖို့ အမည်စာရင်း ပေးထားပါတယ်။
ဒါပေမယ့် စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကျောင်းသားတပ်မတော် ABSDF တို့က တက်ရောက်မှာ မဟုတ်ဘူးလို့ တရားဝင် ကြေညာထားပါတယ်။
မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ် MNDAA တို့ကတော့ တက်ဖြစ်၊မတက်ဖြစ်ကို တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အပါဝင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ EAOs တွေနဲ့ တွေ့ဆုံဆွေးနွေးမှုမရှိရင် ငြိမ်းချမ်းရေးဟာ အောင်မြင်လာစရာမရှိသလို စစ်ရေးပဋိပက္ခတွေပဲ ပိုမို ပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
သတင်း – သံလွင်တိုင်းမ်