မော်လမြိုင် ၊ မေ (၇)
ဖက်ဒရယ်ပြည်ထောင်စုနဲ့ ရာမညမွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လာမယ့် ခြောက်လအတွင်း အပြီးရေးဆွဲဖို့ ညီလာခံမှာ ဆုံးဖြတ်ခဲ့တယ်လို့ ၂၀၂၂ ခုနှစ် မွန်အမျိုးသားညီလာခံ ပြောရေးဆိုခွင့်ရှိသူ နိုင်ဝဏ္ဏမာန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုနဲ့ ရာမညမွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ရေးဆွဲဖို့အတွက် မွန်သံဃာတော်တွေ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ မွန်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ် ၁၂ ဦး ပါဝင်တဲ့ စေ့စပ်ညှိနှိုင်းရေးဆွဲရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီကော်မတီဟာ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ရာမညမွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြောက်လအတွင်းအပြီး ရေးဆွဲရမှာ ဖြစ်သလို ရေးဆွဲပြီးပါက အားလုံး ပါဝင်တဲ့ ညီလာခံတစ်ခုမှာ အတည်ပြုသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
“ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကျတော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ ဘုံသဘောတူညီချက်တစ်ခုရပြီးမှ ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေဆိုတာ ထွက်လာမှာပေါ့။ ဒါပေမယ့် ရာမညမွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကျတော့ မွန်တစ်မျိုးသားလုံး ကိုယ်စားပြုဖြစ်တဲ့အတွက် ဒီနှစ်ခုက ကွာခြားချက် ရှိတယ်။ဖက်ဒရယ်မူကျတော့ တိုင်းရင်းသား အားလုံးနဲ့ ညှိနှိုင်းပြီး ဘုံသဘောတူညီချက် ရရှိမှသာ ဆုံးဖြတ်လို့ရမယ်။ဒါပေမယ့် ရာမညမွန်ပြည်နယ် ကျတော့ ခြောက်လအတောအတွင်း ရေးဆွဲပြီးတာနဲ့ အတည်ပြုလို့ရမှာပေါ့” ၂၀၂၂ ခုနှစ် မွန်အမျိုးသားညီလာခံ ပြောရေးဆိုခွင့်ရှိသူ နိုင်ဝဏ္ဏမာန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
၄ ရက်တာ ကျင်းပခဲ့တဲ့ အဲဒီညီလာခံမှာတော့ မွန်သံဃာတော်၊ မွန်ပြည်သစ်ပါတီ၊မွန်ညီညွတ်ရေးပါတီနဲ့ မွန်လူမှုအဖွဲ့အစည်းတို့ ပါဝင်ပြီး မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ပေါင်းစည်းညီညွတ်သော မွန်အစည်းအရုံး ပေါ်ပေါက်လာဖို့ ညှိနှိုင်းရေးကော်မတီတစ်ခုလည်း ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် မွန်ဒေသမှာ မွန်အမျိုးသားနေ့ တရားဝင်ရုံး ပိတ်ရက်သတ်မှတ်ပေးရေးအတွက် ကဏ္ဍစုံအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းအားထုတ်သွားဖို့နဲ့ မွန်အမျိုးသားနေ့မှာ မိမိတို့ဆန္ဒဖြင့် ရုံးမတက် အလုပ်ပိတ်ပြီး မွန်ပြည်သူတရပ်လုံးအနေနဲ့ ဇာတိသွေးဇာတိမာန် စိတ်ဓါတ်ကို ပြသသွားကြဖို့ ညီလာခံကနေ တိုက်တွန်းလိုက်ပါတယ်။
မေလ၂ ရက်ကနေ ၅ ရက်နေ့အထိ ၄ ရက်တာ ကျင်းပခဲ့တဲ့ မွန်အမျိုးသားညီလာခံကိုတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေးဗဟိုဌာန၊ ညီစားစခန်းမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ကိုယ်စားလှယ် ၂၅၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်