ဖာပွန် ၊ မေ (၇)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅) ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၃၈၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီနှစ်ဖက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၇၃ ဦးသေဆုံးပြီး ၈၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲမှာတော့ တပ်ရင်မှူးတစ်ဦးနဲ့ ဒုတပ်ရင်းမှူးတစ်ဦး ပါဝင်တယ်လို့ KNU က ဆိုထား ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က ၃ ဦးကျဆုံးသွားခဲ့ပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် KNLA အနေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်သိုလှောင်ရုံ နှစ်ရုံ ကို ဖျက်ဆီးနိုင်ခဲ့သလို ထောက်ပို့အတွက် အသုံးပြုတဲ့ တံတား ၃ စင်း၊ မော်တော်ယာဉ် ၄ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ဖာပွန်ခရိုင်ထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ၇ လုံးလာရောက်ကြဲချခဲ့ပြီး ဒေသခံပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ လယ်ယာဥယျာဉ်ခြံမြေအတွင်းကို လက်နက်ကြီး အလုံး ၆၀၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ KNU တပ်မဟာ(၅) က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.