မော်လမြိုင် ၊ မေ (၇)

နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အဖက်ဖက်နဲ့ လက်တွဲပူးပေါင်းပြီး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက တိုက်တွန်းလိုက်ပါတယ်။

အပစ်ရပ် NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အထူးအစည်းအဝေးပွဲမှာ နိုင်အောင်မင်း ရဲ့ အဖွင့်မိန့်ခွန်းအနေနဲ့ ပြောဆိုခဲ့တဲ့ တိုက်တွန်းချက်ကို PPST က ထုတ်ပြန်လိုက်တာပါ။

ဒီနေ့ မေလ(၆)ရက်နေ့မှာ ပြုလုပ်တဲ့ အထူးအစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဌ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး PPST အတွင်း အကျေအလည်ဆွေးနွေးပြီး သဘောထားတွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း စုစည်းသွားဖို့နဲ့ တခြား EAOs တွေနဲ့လည်း ညှိနှိုင်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။



စစ်ကောင်စီက ဖိတ်ကြားခဲ့တဲ့အပေါ် ပြည်တွင်းပြည်ပက အမြင်မတူညီတဲ့ အင်အားစု တွေနဲ့လည်း နားလည်မှု ရရှိဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေလည်း အကြံပြုချက်တွေ ရယူသွားဖို့ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အထွေထွေနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေးမှုကို PPST က ခိုင်ခိုင်မာမာရပ်တည်ထားတယ်လို့ နိုင်အောင်မင်းက ဒီနေ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘယ်လိုဆွေးနွေးညှိနှိုင်းမှုတွေမဆို သက်ဆိုင်သူအားလုံးပါဝင်ရမှာဖြစ်ပြီး ပဋိပက္ခတွေ လျှော့ချနိုင်ဖို့နဲ့ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းရမှာ ဖြစ်တယ်လို့လည်း သူကပြောပါသေးတယ်။

ဒီအစည်းအဝေးကို မေလ(၇) ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး PPST အဖွဲ့ဝင်တွေနဲ့ ပူးပေါင်း အဖွဲ့အစည်းတို့အကြား အမြင်သဘောထားဖလှယ်ပြီး သဘောထားတွေကို စုစည်းကာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ချမှတ်နိုင်ဖို့နဲ့ အဲ့ဒီကနေတဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာဖို့ အစည်းအဝေး ခေါ်ယူတာဖြစ်တယ်လို့ သိရပါတယ်။

အစည်းအဝေးထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး PPST ပြောခွင့်ရ ရဲဘော်မျိုးဝင်း၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီ တို့က ပြောရေးဆိုခွင့်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.