တိုကျို – မေ(၆)
ယူကရိန်းကို ကျုးကျော်တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ရုရှားရေနံတင်သွင်းမှုကို ဖြတ်တောက်မယ့် လှုပ်ရှားမှုကို ချက်ချင်း လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံအနေနဲ့ ခက်ခက်ခဲခဲရင်ဆိုင်ရမှာဖြစ်တယ်လို့ စီးပွားရေး ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး ကိုဟီချီဟာဂီဒါက ပြောခဲ့ပါတယ်။
ရေနံစိမ်းရောင်းချမှု အပါအဝင်မော်စကိုအပေါ်အပြင်းထန်ဆုံးပိတ်ဆို့အရေးယူမှု အစီအစဉ်ကို ဥရောပသမဂ္ဂအမှုဆောင်အရာရှိက အဆိုပြုခဲ့ပြီးနောက်ပိုင်း ဂျပန်ဝန်ကြီးက ဝါရှင်တန်ကို အလည်အပတ်ရောက်ရှိချိန်မှာ ယခုကဲ့သို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကရုရှားအပေါ်ဒဏ်ခတ်အရေးယူမှုတွေ ထပ်ပြီးပြုလုပ်ဖို့ G-7 ထိပ်သီးစီးပွားရေးခေါင်းဆောင်တွေနဲ့ ဒီအပတ်ထဲမှာ ဆွေးနွေးသွားမှာဖြစ်ပြီး ရေနံရောင်းချ တာနဲ့ပတ်သက်ပြီး သက်ရောက်မှုရှိနေတဲ့ ဂျပန်နိုင်ငံအနေနဲ့ ဖိအားရှိနေတယ်လို့ သိရပါတယ်။
“ဂျပန်ဟာ အရင်းအမြစ်တွေကို ကန့်သတ်ထားတာကြောင့် တခြားနိုင်ငံတွေနည်းတူ ချက်ခြင်း ခြေလှမ်းလှမ်းဖို့ အခက်အခဲတချို့ ကြုံရလိမ့်မယ်” လို့ ဟာဂီဒါ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါ့အပြင် ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာကြီး မတည်မငြိမ်ဖြစ်လာတာနဲ့အမျှစိတ်တူကိုယ်တူ နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုက ပိုအရေးကြီးလာပြီး ဂျပန်အမေရိကန်ဆက်ဆံရေးကို မြှင့် တင်လိုတယ်လို့လည်း သူက ပြောပါသေးတယ်။
အမေရိကန်စွမ်းအင်ဝန်ကြီး ဂျနီဖာ ဂရမ်ဟုမ်းနဲ့ သီးခြားတွေ့ဆုံမှုမှာ ဟာဂီဒါက ဂျပန်နိုင်ငံဟာ ရုရှားအပေါ် သူတို့ရဲ့ စွမ်းအင်လျှော့ချဖို့ နဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ထွက်ရှိမှုကို မြှင့်တင်ဖို့ အကူအညီပေးရေးအတွက် အမေရိကန်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ရုရှားကနေ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် မတ်လအထိ ဂျပန်နိုင်ငံရဲ့ စုစုပေါင်းရေနံတင်သွင်းမှုရဲ့ (၄) ရာခိုင်နှုန်းဖြစ်ပြီး မော်စကိုက သဘာဝဓာတ်ငွေ့တင်သွင်းမှုဟာ တိုကျိုရဲ့ စုစုပေါင်းတင်သွင်း မှုရဲ့(၉) ရာခိုင်နှုန်နဲ့ ကျောက်မီးသွေးတင်သွင်းမှုတွေမှာ (၁၁) ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်ကုမ္ပဏီတွေကို အမေရိကန်ပြည်ထောင်စုမှာ သဘာဝဓာတ်ငွေ့ရည်ပရောဂျက်တွေ ရင်းနှီးမြုပ်နှံဖို့အတွက်မြေယာချထားရေးအကူအညီပေးဖို့ ပြည်သူ့ဘဏ္ဍာငွေကို ပံ့ပိုးကူညီ ပေးမယ်လို့ ဟာဂီဒါက ပြောဆိုထားပါတယ်။
ယူကရိန်းအကြပ်အတည်းကို ထောက်ဆပြီး သန့်ရှင်းတဲ့ စွမ်းအင်နည်းပညာနဲ့ စွမ်းအင်လုံခြုံရေး ဆိုင်ရာ ပုံမှန်ဆွေးနွေးဖို့ ရည်ရွယ်တဲ့ လုပ်ငန်းတွေဖွဲ့စည်းဖို့ နှစ်ဘက်သဘောတူခဲ့တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Ref: Channelnewsasia