မော်လမြိုင် ၊ မေ (၄)

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း လျှပ်စစ်မီး မမှန်တဲ့ ပြဿနာကြောင့် အသေးစား၊ အလတ်စား SME လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ အခက်ကြုံ နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

SME လုပ်ငန်းတွေဟာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေတဲ့အတွက်ကြောင့် လုပ်ငန်း အချိန်မီ ပြီးစီးဖို့ အခက်အခဲကို အဓိက ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မီးစက်ကို အဓိက အသုံးပြုလာရပေမယ့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေလို့ ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမို ကြီးမြင့်လာတဲ့အတွက် လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ အခက်ကြုံနေ ရတာဖြစ်ပါတယ်။



လျှပ်စစ်မီး မမှန်တာကြောင့် SME လုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ဘယ်လို အခက်အခဲရှိလည်းဆိုတော့ ဆီဈေးကလည်း တော်တော်လေးကိုလည်း တက်လာတဲ့ အချိန်မှာ အဲ့လိုမျိုး မီးမမှန်တော့ တော်တော်လေးကို ဒုက္ခရောက်တာပေါ့၊ ကျွန်တော် အခုပြောသလို မီးမလာဘူး၊ မီးမလာတော့ မီးစက်နဲ့ နှိုးရတယ် နှိုးရတော့ အဲ့ဒီကုန်ကျစရိတ်တွေက ပိုတက်လာတယ်၊ အဲ့လိုမျိုးတွေပေါ့ အဆင်မပြေတာပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ SME လုပ်ငန်းတွေဟာ လျှပ်စစ်မီး မမှန်တာကြောင့် လုပ်ငန်းတွေကို ထက်ဝက်နီးပါး လျော့ချလာခဲ့သလို တချို့လုပ်ငန်းတွေက ယာယီရပ်နားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် လုပ်ငန်းရေရှည်ရပ်တည်နိုင်ဖို့အတွက် ဝန်ထမ်းတွေကို လစာလျှော့ချတာအပြင် လစာမဲ့ခွင့်ပေးပြီး အလုပ်ရပ်နားတာတွေကိုလည်း ဆောင်ရွက်ခဲ့ရပါတယ်။

လျှပ်စစ်မီး မမှန်တာအပြင် ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်လာတာကြောင့် လုပ်ငန်းရှင်တွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုထက် ခိုင်မာမယ့် ရွှေ၊ ဒေါ်လာနဲ့ မြေ ဝယ်ယူတာတွေကို ပိုမို လုပ်ဆောင်လာတယ်လို့ စီးပွားရေး လေ့လာ သုံးသပ်သူ တစ်ဦးက ပြောပါတယ်။

“အဓိကတော့ စီးပွားရေး သမားတွေက အနာဂတ်ကို မျှော်မှန်းဖို့ ခက်လာတာပေါ့နော်၊ မျှော်မှန်းဖို့ ခက်လာတဲ့ အခါကျတော့ ထပ်ပြီးတော့ ရင်းနှီးမြုပ်နှံမှု လုပ်ဖို့ လက်တွန့် လာတာပေါ့နော်၊ လက်တွန့် လာတဲ့ အခါကျတော့ ရှိတဲ့ပိုက်ဆံကို လူတွေက လုပ်ငန်းတွေ ဘက်ကို ရင်းနှီးမြုပ်နှံမှု ထက်ကို သူတို့တန်ဖိုး ငွေတန်ဖိုးပေါ့နော် ငွေရဲ့သူတို့ လက်ထဲမှာ ရှိတဲ့ ငွေတန်ဖိုး မလျော့သွားအောင် ခိုင်မာတယ် ထင်တဲ့ဟာ တစ်ခုခုနဲ့ လှမ်းပြီးတော့ ချိတ်တာပေါ့နော် အဲ့လိုမျိုးလေ၊ ရွှေနဲ့ ချိတ်တယ်၊ ဒေါ်လာနဲ့ ချိတ်တယ်၊ အိမ်ခြံမြေနဲ့ ချိတ်တယ် စသဖြင့်ပေါ့နော်”လို့ ဆိုပါတယ်။

လျှပ်စစ်မီးဂယက်ကြောင့် SME လုပ်ငန်းတွေ ထပ်မံ လျော့ကျလာမယ်ဆိုရင် ရေရှည်မှာ ဒေသထွက်ကုန်တွေ မရှိသလောက် နည်းပါးသွားနိုင်သလို SME လုပ်ငန်းအပေါ် မှီခိုနေရတဲ့ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်း ပိုမို မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက တစ်နေ့ကို လျှပ်စစ်မီး (၃)နာရီ အလှည့်ကျ ဖြန့်ဝေ ပေးမယ်လို့ ကြေညာထား ပေမယ့် အချိန်မှန်ကန်မှု မရှိသလို လျှပ်စစ်မီး မကြာခဏ ပြတ်တောက် တာတွေ ဖြစ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.