မော်လမြိုင် ၊ မေ (၄)

ပြည်သူ့တရားစီရင်ရေးစနစ်ကို မကြာမီ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက် တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တရားစီရင်ရေး ဖော်ဆောင်မှုနဲ့ တရားရုံးများ စောင့်ကြည့်ထိန်းညှိရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းမြတ်သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့တရားစီရင်ရေးစနစ်ကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တိုင်းဒေသ ကြီးတွေမှာ အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့တရားစီရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်တော့မယ့် အခြေအနေနဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးကောင်းမြတ်သူက အခုလိုပဲ ပြောပါတယ်။



“ဘယ်ဒေသတွေလဲဆိုတော့ မြေပြန့်တိုင်းဒေသတွေမှာ အဓိကအားဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းရင်းသား နယ်ပယ် တွေမှာတော့ ဒေသအလိုက် ဓလေ့ထုံးတမ်းတွေနဲ့ ဒေသအစိုးရအဖွဲ့ တွေက ဆောင် ရွက် တဲ့ကိစ္စတွေမှာ သူတို့ကိုယ်တိုင်ပဲ အကောင်အထည် ဖော် ဆောင်ရွက်ပြီး ကျွန်တော်တို့ အနေနဲ့ကတော့ ရောထွေးမှုမရှိတဲ့ မြေပြန့်ဒေသ တိုင်းဒေသကြီးတွေမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားပါ့မယ်။ နေရာအတိအကျရယ်လို့ ပြောဖို့က လုပ်ငန်းစဉ်စတင်အကောင်အထည်ဖော်ကာစမို့ အတိအကျကြီးတော့ ပြောလို့မရသေးပါဘူး’’ လို့ ဆိုပါတယ်။

ပြည်သူ့တရားစီရင်ရေးစနစ်ဟာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုနဲ့ တည်ဆောက်ရတာ ဖြစ်တဲ့အတွက်ကြေင့် တရားစီရင်မယ့် တရားသူကြီးတွေရဲ့ အရည်အချင်းသာမက စာရိတ္တပိုင်း စိတ်ချရသူတွေကို စိစစ်ရွေးချယ်ထားတယ်လို့ သူကပြောပါသေးတယ်။

ဒါ့အပြင် ပြည်သူ့တရားစီရင်ရေးစနစ် အကောင်အထည် ဖော်ရတာဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်တဲ့ နယ်မြေက ပြည်သူတွေ ဥပဒေ အကာအကွယ် ရရှိလာပြီး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဟန်ချက်ညီညီ လုပ်ဆောင်မှသာ တရားမျှတတဲ့အစိုးရ အဖြစ် ပြသနိုင်ဖို့နဲ့ တရားစီရင်ရေး စနစ်ကောင်းတစ်ခု ဖြစ်အောင် ဆောင်ရွက်ဖို့ရှိတယ်လို့ သိရပါတယ်။

ပြည်သူ့တရားစီရင်ရေးစနစ်မှာတော့ အရပ်ဘက်ဆိုင်ရာ ပြစ်မှုတွေနဲ့ စစ်ဘက်ဆိုင်ရာ ပြစ်မှုတွေ ပါဝင်ပြီး အဲဒီထဲမှာ အရပ်ဘက်ဆိုင်ရာ မှုခင်းတွေနဲ့ တရားမကြောင်းဆိုင်ရာ အမှုတွေကိုအဓိကထားပြီး စီမံဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.