မော်လမြိုင် ၊ မေ (၃)

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ကာလအတွင်း သွင်းအားစု ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဓာတ်မြေသြဇာ အပါအဝင် စက်သုံးဆီတွေ ဈေးနှုန်းဆက်လက် မြင့်တက်နေတာကြောင့် အခုနှစ်ရာသီမှာ မိုးစပါး စိုက်ပျိုးဖို့ အခက်အခဲ ရှိနေတယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။

သွင်းအားစု ကုန်ပစ္စည်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ငွေကြေး တန်ဖိုး ဆက်တိုက်ကျဆင်းလာတာနဲ့ သယ်ယူပို့ဆောင်ရေး စရိတ် ကြီးမြင့်နေတာကြောင့် ဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေတာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးသုံး သွင်းအားစု ဓာတ်မြေဩဇာ ဈေးနှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်က အမျိုးအစားပေါ် မူတည်ပြီး တစ်အိတ်ကို ကျပ် ၂၀၀၀၀ ကနေ ၃၀၀၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ တစ်အိတ်ကို ကျပ် ၈၀၀၀၀ ကနေ တစ်သိန်း ကျော်ထိ ဈေးနှုန်း မြင့်တက်လာပါတယ်။



သွင်းအားစု ဓာတ်မြေဩဇာ ဈေးနှုန်း ကြီးမြင့်နေတာကြောင့် အရင်လို မသုံးစွဲနိုင်တော့လို့ မိုးစပါး စိုက်ပျိုးရင်လည်း အထွက်နှုန်း သိသိသာသာ လျော့ကျလာနိုင်တယ်လို့ တောင်သူလယ်သမား တစ်ဦးက ပြောပါတယ်။

“ ဝဲဆေးတွေ မြင့်တက်လာတယ် ဆိုတော့ ဘယ်လို အခက်အခဲ ရှိလည်းဆိုတော့ စပါးအထွက်နှုန်းတော့ ကျဆင်းမှာပေါ့ ဝဲမှ မသုံးနိုင်တာ၊ ဝဲမသုံးနိုင်လေ မိုးစပါး အထွက်နှုန်း ကျမယ်၊ နောက်ပြီးတော့ ဝယ်လည်း မဝယ်နိုင်ဘူးလေ၊ ကုန်ကျစရိတ်တွေ ကြီးမြင့်တယ်၊ သွင်းအားစုက များမယ်ဆိုရင် ကုန်ကျစရိတ် များမယ်၊ ထွက်နှုန်းနဲ့ ဆိုရင်တော့ ကိုယ့်အတွက် အမြတ် ဘယ်သွား ရှိမလဲ”လို့ ဆိုပါတယ်။

တဖက်မှာတော့ တောင်သူလယ်သမားတွေဟာ စက်သုံးဆီ အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုကိုလည်း အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တောင်သူလယ်သမား တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ပုံမှန်တော့ စိုက်မှာပေါ့ကွယ် ဒါပေမယ့် အထွက်နှုန်းကျတော့ ဝဲမှာ မူတည်တာပေါ့၊ ကိုယ်ဝဲထည့်နည်းရင် နည်းသွားမယ်၊ ဘာဖြစ်လဲဆိုတော့ ဝဲကလည်း တအား ဈေးတက်တယ်၊ ဘယ်လို အခက်အခဲ ရှိလည်းဆိုတော့ ဝဲကို မကျွေးနိုင်ဘူးပေါ့ ဝဲအများကြီး မဟုတ်လား၊ နည်းနည်းပါးပါးပဲ ကျွေးနိုင်တော့မှာပေါ့၊ ကိုယ့်လယ်မှာ ထွက်တဲ့ နှောက်ချေးတွေနဲ့ ဘာနဲ့ အဲ့တာတွေနဲ့ပဲ ကျွေးလိုက်မှာပေါ့၊ ဒီနှစ်လည်း စပါးမရဘူး ဆိုတော့လေ အဲ့ဒီဝဲတွေလည်း ရှင်းရှင်းပြောရင် ဝယ်လို့ မနိုင်ဘူးပေါ့နော်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ မိုးစပါးကို မြို့နယ် ၁၀ မြို့နယ်လုံးမှာ စိုက်ပျိုးနေတာ ဖြစ်ပြီး နှစ်စဉ် မိုးစပါး စိုက်ဧက ၆ သိန်းကျော် စိုက်ပျိုးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် တောင်သူတွေဟာ ပြီးခဲ့တဲ့ မိုးစပါး စိုက်ပျိုးရာသီမှာ သဘာဝဘေးနဲ့ ပိုးမွှား ကျရောက်တာကြောင့် မိုးစပါး အထွက်နှုန်း နည်းခဲ့သလို သွင်းအားစု စရိတ်ကြီးမြင့်ခဲ့တာကြောင့် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.