ဘီးလင်း ၊ မေ (၁)

နှစ်ဖက် စစ်ရေး တင်းမာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေထဲကို တပ်အင်အား ထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဟာ ချီတက်ရာ လမ်းတလျှောက်က အရပ်သား ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုလာတယ်လို့ KNU တပ်မဟာ(၁)တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဘားအံမြို့နယ်၊ ရှောက်ကုန်းကျေးရွာက အရပ်သား ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ်အသုံးပြုကာ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်စခန်းဘက်ကို ချီတက်လာတာ ဖြစ်ပါတယ်။

လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ ဖမ်းဆီး ခေါ်ဆောင်ခံရတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ အများဆုံး ပါဝင်ပြီး၊ သူတို့ကို စစ်ကောင်စီက အထုပ်အပိုးတွေအပြင် ရိက္ခာတွေပါ သယ်ဆောင်ခိုင်းနေတယ်လို့ KNU တပ်မဟာ(၁)သထုံခရိုင် ဥက္ကဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။



“ BGF တွေက တပ်အင်အားတိုးလားတယ်။ လူကြီးတွေ မိန်းမတွေကို ဖမ်းပြီးတော့ ရှေ့ကနေ သွားခိုင်းတယ်။ အထုပ်တွေကို သယ်ခိုင်းတယ်ပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ဝင်းတာပန်စခန်းကို ဘားအံမြို့နယ်ကနေ စစ်ကြောင်း တစ်ကြောင်း၊ သထုံမြို့နယ် ပိန္နဲတောတပ်စခန်းကနေ စစ်ကြောင်း တစ်ကြောင်း၊ စုစုပေါင်း တပ်အင်အား ၁၀၀ ကျော် ထပ်မံ အင်အားဖြည့်တင်းလာတာကြောင့် နှစ်ဖက် တိုက်ပွဲ ပိုမို ပြင်းထန်လာဖို့ ရှိနေပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီ လေးကေနဲ့ ဝင်းတာပန်စခန်းတွေကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO က ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့မှာ နောက်ဆုံးထား ဆုတ်ခွာပေးဖို့ သတိပေးစာ ထုတ်ပြန်ပြီးနောက် နှစ်ဖက် စစ်ရေး ပိုမို တင်းမာလာတာပါ။

နှစ်ဖက် စစ်ရေး ပိုမို တင်းမာလာတာကြောင့် ဘီးလင်းမြို့နယ်က ဒေသခံပြည်သူ ၇၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာကို ထွက်ပြေးတိမ်းရှောင်နေရသလို အခုအခါမှာတော့ ရာသီဥတုပူပြင်းတာကြောင့် စစ်ရှောင်ပြည်သူတချို့ သောက်သုံးရေ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.