ရန်ကုန် ၊ ဧပြီ (၂၉)

အာဏာသိမ်း စစ်ကောင်စီက စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထား ဖမ်းဆီးအရေး ယူလာတာကြောင့် စီးပွားရေး လုပ်ငန်းရှင် အများစု စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်၊

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လနဲ့ အခုဧပြီလအတွင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟ ၊ ဧဒင် ကုမ္ပဏီလုပ်ငန်းစုပိုင်ရှင် ဧဒင်ဦးချစ်ခိုင်နဲ့ သားဖြစ်သူ ဦးဝင်းမင်းခိုင်တို့ အပါအဝင် စီးပွားရေး လုပ်ငန်းရှင် (၇)ဦးကို ဖမ်းဆီးပြီး အဂတိမှုနဲ့ အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။

ဧဒင် ဦးချစ်ခိုင်ကိုတော့ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအတွက် စာချုပ်ချုပ်ဆိုရာမှာ နိုင်ငံအတွက် နစ်နာမှု ရှိခဲ့တာကြောင့်ဆိုပြီး အဂတိပုဒ်မ ၅၅/၆၃ နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးဖြစ်တဲ့ ဦးခင်ရွှေ (ဇေကမ္ဘာ) နဲ့ သားဖြစ်သူ ဦးဇေသီဟတို့ကိုတော့ ရှေးဟောင်းအဆောက်အဦ ဖျက်ဆီးမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။



စစ်ကောင်စီဘက်က အခုလို နောက်ကြောင်း ပြန်လှည့်ပြီး ဖမ်းဆီး အရေးယူမှုတွေ လုပ်ဆောင် နေတာကြောင့် စီးပွားရေး လုပ်ငန်းတွေ ပြိုလဲသွားမှာကို လုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်၊

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ နောက်ဆက်တွဲ လုပ်ငန်းတွေ ပြိုလဲလာမှာ စိုးရိမ်တယ်၊ လုပ်ငန်းရှင်တိုင်းက မကင်းကြဘူးလေ၊ ဒါပွင့်ပွင့်လင်းလင်း ပြောလို့ရှိရင် ကြီးကြီးသေးသေး လုပ်ငန်းရှင်တိုင်း အမှားရှိတယ်။ စီးပွားရေးမှာ ဥပမာ ကိုယ်တို့ထက် အများကြီး ကြီးတဲ့လူ (၂)ယောက် ပါသွားပြီး ကိုယ်တို့လည်း အချိန်မရွေး ပါသွားနိုင်တယ်၊ ဒါလုပ်ငန်းလည်း ပြုတ်သွားနိုင်တယ်၊ တနိုင်ငံလုံးမှာ ရှိတဲ့ စီးပွားရေးတွေ အကုန်လုံးက ဇီရို စက်တင်တောင် ကျသွားနိုင်တယ်”လို့ ဆိုပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး အရေးယူတာတွေ လုပ်ဆောင်လာရင် လုပ်ငန်း အများစု ရပ်နားလာနိုင်သလို အလုပ်လက်မဲ့နှုန်း ပိုမို ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ကြောက်ရွှံ့ပြီး သူတို့ဘက် ပါလာအောင် အကြပ်ကိုင်တာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီဘက်က အခုလို စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူတာဟာ စီးပွားရေးမှာ စစ်ဘောင်ချဲ့ဖို့ ပြင်ဆင်လာတာ ဖြစ်တယ်လို့ စီးပွားရေသုတေသီတွေက ဝေဖန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံအညွှန်း – စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.