ထားဝယ် ၊ ဧပြီ (၂၇)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်း(မြန်မာ)ကို စစ်ကောင်စီဘက်က အကြောင်းပြချက် မရှိဘဲ ပိတ်သိမ်းလိုက်တာကြောင့် ကုန်စည်စီးဆင်းမှု လုံးဝ ရပ်တန့်သွားပြီးလို့ ကုန်သည်တွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းကို ဧပြီ ၂၄ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်တာ ဖြစ်ပြီး ဘယ်တော့ ပြန်လည်ဖွင့်လှစ်ဆိုတာ ထုတ်ပြန်တာ မရှိပါဘူး။

ထားဝယ်-ထီးခီးလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့ အပါအဝင် ကော်လာဖိုးအဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးဂိတ်စခန်းကို သွားလာမယ့် ဝန်ထမ်းတွေ အခက်အခဲရှိလာတဲ့အတွက် ပိတ်လိုက်တာဖြစ်နိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။



နယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်လိုက်တာကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ် စီဆင်းမှု ရပ်တန့်သွားပြီး ဖြစ်သလို မကြာမီကာလအတွင်း သွင်းကုန်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာနိုင်တယ်လို့ ထီးခီးနယ်စပ်ကုန်သွယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်ကနေ ဒေသထွက်ကုန်တွေဖြစ်တဲ့ ရေထွက်ကုန်တွေနဲ့ စိုက်ပျိုးထွက်ကုန်တွေကို ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေတာ ဖြစ်ပြီး ထိုင်းနိုင်ငံဘက်က စက်သုံးဆီ၊ မီးဖိုချောင်သုံး ဂက်စ်နဲ့ လျှပ်စစ်ပစ္စည်းတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။

ထားဝယ်-ထီးခီးလမ်းပေါ်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို စက်သုံးဆီနဲ့ ဂက်စ်သယ်ယာဉ်တချို့ မီးရှို့ဖျက်ဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.