ရန်ကုန် ၊ ဧပြီ (၂၆)

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ပြည်နယ်ကောင်စီတွေရဲ့ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီပေးနိုင်ဖို့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနကိုစတင် ဖွဲ့စည်းခဲ့တယ်လို့ ဧပြီလ (၂၄) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

NUG ရဲ့ နယ်မြေစိုးမိုးမှုတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လစ်လပ်သွားတဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အစားထိုးဖို့ အုပ်ချုပ်ရေး၊လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက ၂၉ မြို့နယ်နဲ့ မကွေးတိုင်း ၂၅ မြို့နယ်ထဲက ၇ မြို့နယ် စုစုပေါင်း ၃၆ မြို့နယ်မှာ ကြားကာလ ဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြည်သူထံ တင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။



အခုပြောင်းလဲဖွဲ့စည်းလိုက်တဲ့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီအဖြစ် NUG က ဖွဲ့စည်းပေးခဲ့တာပါ။

ဒီကနေ့အထိ ဆက်သွယ်ရရှိထားတဲ့ CDM ပြုလုပ်ထားသူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းဦးရေမှာ အရာထမ်း ၂၄ ဦးနဲ့ အမှုထမ်း ၂၁၇၇ ဦး စုစုပေါင်း ၂၂၀၁ ဦးအထိ ရှိတယ်လို့သိရပါတယ်။

အဲဒီကော်မတီမှာ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ CDM ဝန်ထမ်းတွေကို စုစည်းပြီး ဝန်ထမ်းတွေရဲ့ အရေးကိစ္စတွေနဲ့ ‌ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ မြေပြင်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့သိရပါတယ်။

CDM လုပ်ထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြု ကော်မတီကိုလည်း မီးသတ်ဦးစီးဌာနအဖြစ် ဧပြီလ၂၄ ရက်နေ့က ပြောင်းလဲဖွဲ့စည်း ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.