နေပြည်တော် – ဧပြီ(၂၆)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အဂတိအမှုကို မနက်ဖြန် နေပြည်တော်အထူးတရားရုံးမှာ အပြီးသတ် အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အခေါက်ရွှေ (၇) ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်း ယူတယ်ဆိုတဲ့ စွပ်စွဲချက်အမှုကို ဒီကနေ့ အပြီးသတ်အမိန့်ချဖို့ ပြီးခဲ့တဲ့ ရုံးချိန်းက တည်းက ချိန်းဆိုထားခဲ့ပေမယ့် အကြောင်းပြချက်မရှိပဲ ဧပြီလ(၂၇) ရက်နေ့(မနက်ဖြန်) ကို ရွှေ့ဆိုင်း လိုက်ပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကို စွပ်စွဲထားတဲ့ အဂတိမှုဟာ စစ်ကောင်စီရဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်နဲ့ စုံစမ်းစစ်ဆေးရေးအရာရှိတို့က တရားလိုပြုလုပ်ပြီး တိုင်ကြား ထားတာဖြစ်ပါတယ်။



အမှုအတွက် တရားလိုဘက်က သက်သေတွေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့က တရားရုံးမှာ ကိုယ်တိုင်ထွက်ဆိုခဲ့ကြတာပါ။

အဲဒီအမှုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ (၁)နေ့ အာဏာသိမ်း ချိန်ကစပြီး စစ်ကောင်စီရဲ့မတရားဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပြီး အမှုဆင်ဖမ်းဆီးစွပ်စွဲခံရတဲ့ (၁၀) မှုကျော်ထဲက (၅) မှုအတွက်ထောင်ဒဏ်(၆) နှစ်ချမှတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Phyo min thein(Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.