ဝင်းရေး ၊ ဧပြီ (၂၆)

ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာဘက်ကို ဦးတည်ချီတက်လာတဲ့ စစ်ကောင်စီတပ်ဟာ ချီတက်ရာလမ်းတစ်လျှောက်မှာ ဒေသခံအရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNLA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာ ရဲစခန်းနားမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစပြီး KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က စစ်အင်အား တိုးချဲ့လာတာ ဖြစ်ပါတယ်။
စစ်အင်အား တိုးချဲ့လာတဲ့ စစ်ကောင်စီတပ်ဟာ တောလမ်းကနေတစ်ဆင့် ခလယ်တံခွန်တိုင်ကျေးရွာဘက်ကို ချီတက်လာရာ ချီတက်ရာလမ်းတစ်လျှောက်မှာ ဒေသခံနှစ်ဆယ်ဦး ထက်မနည်း ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ဒေသခံတွေဟာ တောင်ကလေး ခလယ်ရွာလေး မြို့ဟောင်း ခလယ်တံခွန်တိုင်ကျေးရွာက ရွာသားတွေဖြစ်ကြပြီး အဲ့ဒီဒေသခံတွေဟာ ဝင်းရော်ဒေသအနောက်ဘက် တောင်တန်းခြေမှာရှိတဲ့ ရာဘာဥယျာဉ်က အလုပ်သမားတွေဖြစ်ကြပါတယ်။



တံခွန်တိုင်ကျေးရွာရဲစခန်းမှာအခြေချနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း တံခွန်တိုင်နဲ့ နန်းသိုင်းထွန်းကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာကြောင့် အရပ်သား အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်အင်အားထပ်မံ တိုးချဲ့လာတာကြောင့် တံခွန်တိုင်ကျေးရွာအပါအဝင် နန်းသိုင်းထွန်း ဒိုင်လွတ် ခလယ်ကွက်သစ် စတဲ့ ကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာတော့ စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး ခရိုင်အတွင်း စစ်ရှောင်နေရသူဦးရေဟာ သုံးသောင်း နီးပါးရှိနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.