ရန်ကုန် ၊ ဧပြီ (၂၄)

နိုင်ငံတဝန်းမှာ ကျန်ရှိတဲ့ လျှပ်စစ်မီတာခ အကြွေးကျန်တွေကို သတ်မှတ် အချိန်အတွင်း အကုန်ရအောင် တောင်းယူသွားမယ်လို့ စစ်ကောင်စီခန့် လျှပ်စစ်ဝန်ကြီး ဦးအောင်သန်းဦးက ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

လျှပ်စစ်မီတာ အကြွေးကျန်တွေ ရရှိဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ ကွင်းဆင်းပြီး လိုက်လံ ကောက်ယူသွားဖို့နဲ့ အခက်အခဲရှိရင် ပြန်လည်တင်ပြပေးဖို့ လျှပ်စစ်ဝန်ထမ်းတွေကိုလည်း ညွှန်ကြားခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ မီတာခ မဆောင်တဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝန်ရံပြီး လျှပ်စစ်ရုံးဝန်ထမ်းတွေနဲ့ မီးဖြတ်တာတွေ ဆက်တိုက် လုပ်ဆောင်လာပါတယ်။

ရန်ကုန်မြို့ ဒေသခံပြည်သူ တစ်ဦးကတော့ စစ်ကောင်စီက သေနတ်နဲ့ တစ်အိမ်တက်ဆင်း မီတာခ လိုက်လံကောက်ခံလာရင် အနည်းဆုံးနှုန်းထား ပေးချေပြီး စစ်ကောင်စီထံ ဝင်ငွေ မစီးဆင်းအောင် လုပ်ဆောင်ကြဖို့ အခုလို တိုက်တွန်းလိုက်ပါတယ်။



“ တစ်အိမ်တက် တစ်အိမ်ဆင်း သေနတ်နဲ့ချိန်ပြီး မဖြစ်မနေ ပေးရမယ်ဆိုတော့မှ အနည်းဆုံး ပမာဏကို ပေးပြီးတော့ အတတ်နိုင်ဆုံး သူတို့တွက် ဝင်ငွေစီးဆင်းမှု မရှိအောင် အမတို့ လုပ်ပေးသင့်တယ်လို့ ထင်တယ်” လို့ ဆိုပါတယ်။

တဖက်မှာတော့ ပြည်သူတွေဟာ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာနဲ့အတူ နေ့စဉ် ဝင်ငွေ မရှိတာကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနေရတာကြောင့် မီတာခ ပေးဆောင်ဖို့ အခက်အခဲ ရှိနေကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အိမ်သုံးလျှပ်စစ်မီတာခတွေ နွေဦးတော်လှန်ရေးကာလအတွင်း အခမဲ့ကင်းလွတ်ခွင့်ပြုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို လျှပ်စစ်မီတာခတွေ မဆောင်ဘဲ သပိတ်မှောက်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ လျှပ်စစ်မီး အလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးနေတာ ဖြစ်ပြီး ဒီအလှည့်ကျစနစ်ကိုလည်း မေလထိ ဆက်လက် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.