ဘီးလင်း ၊ ဧပြီ (၂၄)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စစ်ကောင်စီတပ်စခန်း ၂ ခု ဆုတ်ခွာပေးဖို့ KNDO ဘက်က သတိပေးစာ ထုတ်ပြန်ပြီးနောက် နှစ်ဖက် စစ်ရေး ပိုမိုတင်းမာလာတာကြောင့် ကျေးရွာ (၇) ရွာ ထက်မနည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KUN တပ်မတော် (၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် လေးကေကျေးရွာနဲ့ ဝင်းတာပန်ကျေးရွာတွေက စစ်ကောင်စီတပ်စခန်း( ၂ )ခု ဆုတ်ခွာပေးဖို့နဲ့ ဆုတ်ခွာတာ မရှိရင် စစ်ရေးအရ ထိရောက်စွာ အရေးယူသွားမယ်လို့ ကရင်အမျိုးသားကာကွယ်ရေး တပ် KNDO က ဧပြီလ (၂၀) ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်ထားပါတယ်။
KNDO က သတိပေးစာ ထုတ်ပြီးနောက် ဧပြီလ (၂၁) ရက်နေ့ကစပြီး လေးကေ၊ ဝင်းတာပန်၊ ကျောက်ဖျာ၊ ကျုံစိန်၊ ကမ်းမဲ၊ ပုရစ်ခို ကျေးရွာအပါအဝင် ကျေးရွာပေါင်း (၇) ရွာက ဒေသခံ (၃၀၀၀) နီပါး ဘေးလွတ်ရာကို ကြိုတင်ထွက်ပြေး တိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။
ဒေသခံပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာ ကျေးရွာတွေနဲ့ ဘီးလင်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ဘီးလင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
KNDO က စစ်ကောင်စီ လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းအနေနဲ့ ဧပြီလ (၂၃) ရက်နေ့ ည (၆) နာရီအချိန်ထိ နောက်ဆုံးထားပြီး စခန်းကနေ ဆုတ်ခွားပေးဖို့ သတိပေး ထားပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းကနေ ဆုတ်ခွာပေးမယ့် အခြေနေ မရှိသေးတာကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ဖို့ ဦးတည်လာနေတာ ဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်ကတော့ စစ်ကောင်စီတပ်စခန်းတွေ ဆုတ်ခွာတာ မရှိရင် စစ်ရေးအရ ထိရောက်စွာ အရေးယူသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။
အာဏာသိမ်း စစ်တပ်ကတော့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စီစဉ်ထားတဲ့အချိန်မှာ တပ်စခန်းတွေကို ဝင်ရောက် တိုက်ခိုက်ရင် ထိရောက်စွာ တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်