မော်လမြိုင် ၊ ဧပြီ (၂၄)

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်ဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့သာ ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက ဝေဖန်လိုက်ပါတယ်။

စစ်ခေါင်းဆောင်က လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေကို သူကိုယ်တိုင် တွေ့ဆုံလိုကြောင်းနဲ့ တစ်ဖွဲ့ ၂ ယောက်နှုန်း တက်ရောက်ပေးဖို့ ဧပြီလ (၂၂)ရက်နေ့က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ဦးဖေသန်းကတော့ တိုင်းရင်းသားတွေ လိုချင်နေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် သေချာ ချပြနိုင်တဲ့ ဖွဲ့စည်းပုံတစ်ရပ် မရှိဘဲ စစ်ကောင်စီက တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်မှုဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့သာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။



“NUG ဖြစ်ဖြစ် စစ်ကောင်စီပဲဖြစ်ဖြစ် ဖွဲ့စည်းပုံတစ်ရပ်ရေးဆွဲပြီးတော့ အသေအချာ ချပြနိုင်ရင်တော့ အကောင်းဆုံးပဲ ။သို့မဟုတ်ရင်တော့ ဒါတွေက နိုင်ငံရေးအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်တဲ့ အဖွဲ့တွေက သူတို့ကို (စကစ) ယုံကြည်တယ်။သူတို့နဲ့ ဆွေးနွေးမယ်ဆိုတဲ့ နိုင်ငံရေးအမြတ်ထုတ် တာကလွဲလို့ ဒါတွေ့ဆုံခြင်းဟာ ဘာမှ အနှစ်သာရရှိမှာမဟုတ်ဘူး။တွေ့ကြမယ်၊ပြုကြမယ်၊ ပြီး‌တော့ ဆွေးနွေးကြမယ်။ အဲဒီလမ်းကြောင်းပေါ်ကို ဆွဲခေါ်တာပေါ့လေ။နှစ်ဖွဲ့စလုံး (စကစ နဲ့ NUG) အဲဒီလို မြင်နေရတယ်”လို့ ဦးဖေသန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ဖက်ဒရယ်အနှစ်သာရတွေ ပါဝင်တဲ့ ဖွဲ့စည်းပုံတစ်ရပ်ကို မချပြနိုင်ဘဲ ဒီအတိုင်း တွေ့ဆုံဆွေးနွေးနေမယ်ဆိုရင် ဟန်ပြလုပ်ရုံသာဖြစ်တယ်လို့ ဦးဖေသန်းက မှတ်ချက်ပြုပါတယ်။

အာဏာသိမ်း စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းချက်ဟာ စစ်ကောင်စီအနေနဲ့ တပ်အင်အား လျော့နည်းလာတာနဲ့ စစ်ရေးရာမှာ ရှုံးနိမ့်မှုကို ပြသနေတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးသမား တစ်ဦးက ဝေဖန်ပါတယ်။

“အဓိက လက်ရှိမှာ သူတို့(စကစ)အင်အားလျော့နည်းတာ ပါတယ်။စစ်ရေးရာမှာလည်း သူတို့က မျက်နှာပန်းမလှဘူး။နေရာတော်တော်များများမှာ စခန်းလွှတ်ရတာတွေ၊သူတို့ ရှုံးတဲ့ဟာတွေ အများကြီးပဲ။အဲဒီအပေါ် မှာ သူတို့ရဲ့ လက်ရှိအခြေအနေပေါ်မူတည်ပြီး အရင်သူတို့လုပ်နေကျ အတိုင်းပဲပေါ့။တစ်ခုခု သူတို့အဆင်မပြေတော့ အခြေအနေမကောင်းတော့ဘူးဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတာ သူတို့ပုံမှန်လုပ်နေကျ။ဒါကို တော်လှန်ရေးကောင်စီလက်ထက်ကတည်းက လုပ်နေတဲ့ ပုံစံနဲ့ပဲ သွားတာ။တိုင်းရင်းသားလက်နက်ကိုင်နဲ့ တွေ့မယ်ဆိုရင် သူတို့ကနေပြီးတော့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ PDF တွေနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ သွေးခွဲမယ့်ပုံစံမျိုးပဲ မြင်ပါတယ်” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ နိုင်ငံ့အာဏာသိမ်းယူတဲ့အချိန်ကစပြီး အခုချိန်ထိ လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ ဘာတစ်ခုမှ ပြောင်းလဲမှု မရှိနေသလို ဦးနေဝင်းအစိုးရ တော်လှန်ရေးကောင်စီ လက်ထက်ကတည်းက လုပ်ကိုင်ခဲ့တဲ့ လမ်းစဉ်တွေကို ဆက်လက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ၊ တော်လှန်ရေး တပ်ပေါင်းစုတွေကိုတော့ ထည့်သွင်းဖိတ်ခေါ်တာ မရှိခဲ့ပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.