မော်လမြိုင် ၊ ဧပြီ (၂၃)

အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်တွေ တက်ခွင့်မရတဲ့ အမေရိကန်နဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲဟာ မြန်မာ့အရေးအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို လာမယ့် မေ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ဝါရှင်တန်ဒီစီမြို့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားတာ ဖြစ်ပြီး ဆွေးနွေးပွဲကိုတော့ စစ်ကောင်စီ နဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးတို့ကို ဖိတ်ကြားထားတာ မရှိပါဘူး။

မြန်မာ့အရေးဖြေရှင်းဖို့ ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီက လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ကြောင့် အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်တွေကို အစည်းအဝေးတက်ရောက်ခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က လိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့ အာဆီယံဘုံ သဘောတူညီချက်တွေကို အမေရိကန်ဘက်က သံတမန်ရေးအနေနဲ့ ဖိအားပေးဖို့ အဆိုပြုလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။



“ဒီအစည်းအဝေးကနေပြီးတော့ အာဆီယံအနေနဲ့ ဒီငါးချက်ကို စစ်ကောင်စီက မလိုက်နာဘူးဆိုရင် ဘာဆက်လုပ်မလဲဆိုတဲ့ ကိစ္စ။ဆိုလိုတာကတော့ ပိုပြီးတော့ သံတမန်ရေးအရ ဖိအားပေးဖို့ကိစ္စကို အမေရိကန်ဘက်က နေပြီးတော့ တစ်စုံတစ်ရာ အဆိုပြုလာနိုင်တဲ့အနေအထားတွေ ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ဒီအစည်းအဝေးဟာ နွေဦးတော်လှန်ရေး NUG နဲ့ ပြည်သူ့ခုခံရေးအင်အား စုတွေအတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ထပ်မံပြီး တစ်ဆင့်တိုးဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေရှိမယ်လို့ ကျွန်တော်တို့က ခန့်မှန်းပါတယ်”လို့ သူက သုံးသပ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ နွေဦးတော်လှန်ရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပိုမို ပြတ်သားတဲ့ ထောက်ခံမှုတွေ ပေးလာနိုင်သလို စစ်ကောင်စီအပေါ်မှာလည်း ကန့်သတ်မှုတွေ ထပ်လုပ်လာ နိုင်တယ်လို့ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

နိုင်ငံရေးလေ့သာသုံးသပ်သူ ဦးရဲထွန်းကလည်း အမေရိကန်နဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေနဲ့ လူသားချင်းစာနာမှုအထောက်အထားမှု ကူညီပေးမယ့် ကိစ္စတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်ဆိုရင်တော့ ပိုပြီးတော့ ပြင်းထန်တဲ့အရေးယူမှု ဘာတွေရှိသလဲဆိုတာ ရှာမှာပေါ့။နောက်တစ်ခါ အမေရိကန်က ကူညီပေးမယ်ဆိုတဲ့ (မြန်မာ) ပြည်သူလူထုအတွက် လူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့ဖို့ အမေရိကန်သမ္မတ ဆုံးဖြတ်ထားတာ ရှိတယ်။အဲဒါတွေနဲ့ ပတ်သက်ရင် အာဆီယံနိုင်ငံတွေက ကူညီပေးဖို့ ။အထူးသဖြင့်တော့ ထိုင်းတို့ ဘာတို့ အိမ်နီးချင်းနိုင်ငံကနေပြီးတော့ တစ်ဆင့် ကူညီတာမျိုးတွေ။ အဲဒီကိစ္စမျိုးတွေ ရှိမယ်ထင်တယ်”လို့ သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ကလည်း အမေရိကန်နဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အာဆီယံဘုံသဘောတူညီချက် ငါး ရပ်ကို အကောင်အထည် မဖော်တဲ့ ကိစ္စရပ်ကို ပြတ်ပြတ်သားသား ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ငါး ရပ်မှာတော့ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြေရှင်းမှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်း စာနာအထောက်အထားမှု အကူအညီတွေ ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါပေမယ့် အဲဒီဘုံသဘောတူညီချက် ငါး ရပ်ကိုတော့ စစ်ကောင်စီက လက်ရှိအချိန်အထိ အကောင်အထည်ဖော်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.