ဘားအံ ၊ ဧပြီ (၂၃)

အာဏာသိမ်း စစ်ခေါင်းဆောင်က ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကြိုတင်စည်းကမ်း သတ်မှတ်ချက် မရှိရင် ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဘူးလို့ ကရင်အမျိူးသား အစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက တုံ့ပြန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ငြိမ်းချမ်းရေးနဲ့လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေကို ကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း ဧပြီ ၂၂ ရက်နေ့မှာ ကမ်းလှမ်းလာခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လာမယ့် မေလ ၉ ရက်နေ့ မတိုင်မီ တစ်ဖွဲ့ ၂ ယောက်နှုန်း စာရင်းပေးဖို့နဲ့ ဆွေးနွေးမယ့်ရက်ကို နှစ်ဖက်ညှိနှိုင်းပြီး ရက်သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားပါက ငြိမ်းချမ်းရေးနဲ့တူတဲ့ လုပ်ဆောင်ချက်တွေကို စပြီး ပြသဖို့ လိုအပ်သလို စစ်တပ်အနေနဲ့ နိုင်ငံရေးကနေ ထွက်ခွာသွားရမှာ ဖြစ်ကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုလည်း လက်ခံရမှာဖြစ်တယ်လို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက ဆိုပါတယ်။



ဒါကြောင့် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ နိုင်ငံတကာက ပါဝင်ပတ်သက်ဖို့ လိုပြီး ကြိုတင်စည်းကမ်းသတ်မှတ်ချက် မရှိရင် ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဘူးလို့ ပြောပါတယ်။

“ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ တရားမျှတမှု ရှိမရှိဆိုတာကို နိုင်ငံတကာက ဒေါက်ထောက်ကြည့်တာ မပါဘဲနဲ့ ဘယ်လိုလုပ် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီး ထိုင်ပြီး စကားပြောမှာလဲ ၊ အပိုဘဲ။ ဒီလူတွေက တောက်လျှောက်ကို ဆွေးနွေးပွဲတွေမှာ ကပ်ဖျက်ရက်ဖျက်လုပ်ခဲ့ကြတာပဲ။ ကန့်လန့်ကိုက်တာလည်း သူတို့ပဲ ။ ဒီမိုကရေစီအချက်တွေကို လက်မခံဘဲနဲ့ ငြိမ်းချမ်းရေးအကြောင်း ပြောစရာ ဘာမှမရှိဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း သာမက NUG အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း လက်ခံတွေ့ဆုံဆွေးနွေးဖိတ်ခေါ်ဖို့ လိုအပ်တယ်လို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကိုပြုလုပ်ဖို့ စစ်ကောင်စီက ပြောဆိုမှုတွေပြုလုပ်ပြီး တဖက်မှာလည်း ကေအဲန်ယူအပေါ် စစ်ရေးအရ ထိုးစစ်ဆင်တာတွေ အမြဲလုပ်ဆောင်နေတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေးကိုလက်တွေ့ကျကျ ဖော်ဆောင်သွားမယ်လို့ ပြောဆိုထားပေမယ့် တကယ်လက်တွေ့မှာတော့ နိုင်ငံတစ်ဝန်းလုံးမှာ စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်ဆောင်နေပြီး ပြည်သူ့တွေ မတရားဖမ်းဆီးသတ်ဖြတ်ရိုက်နက်တာနဲ့ အိုးအိမ်ပစ္စည်းတွေကို ဖျက်ဆီးလုယက်တာတွေ လုပ်ဆောင်နေခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.