နေပြည်တော် ၊ ဧပြီ (၂၃)

ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EOAs ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင် တွေ့ဆုံလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်က လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေကို ကိုယ်တိုင် တွေ့ဆုံလိုကြောင်းနဲ့ တစ်ဖွဲ့ ၂ ယောက်နှုန်း တက်ရောက်ပေးဖို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာ MRTV ကနေ ဖိတ်ခေါ်လိုက်တာပါ။



ဒါကြောင့် တွေ့ဆုံပွဲ တက်ရောက်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ လာမယ့် မေလ ၉ ရက်နေ့ မတိုင်မီ စာရင်းပေးဖို့နဲ့ ဆွေးနွေးမယ့်ရက်ကို နှစ်ဖက်ညှိနှိုင်းပြီး ရက်သတ်မှတ်သွားမယ်လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ကို ဖိတ်ခေါ်တဲ့ မိန့်ခွန်းမှာတော့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေ အစဉ်အဆက် တောင်းဆိုလာတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမယ့် ဆွေးနွေးပွဲကိုတော့ အမျိုးသားညီညွတ် ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ဖိတ်ကြားထားတာ မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.