မော်လမြိုင် ၊ ဧပြီ (၂၂)

စစ်တပ် အာဏာသိမ်းတာကြောင့် တစ်နိုင်ငံလုံး နည်းတူ မွန်ပြည်နယ်မှာလည်း နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ စံနှုန်း လွတ်လပ်ခွင့်တွေ လုံးဝနီးပါး ဆိတ်သုဉ်းသွားခဲ့ရတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

အကြောက်တရား၊စိုးရိမ်စိတ်တွေနဲ့ လူမှုအဝန်းအဝိုင်းလို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာကို ရာမညဖက်ဒရယ်အင်အားစုသစ်က ဧပြီ ၂၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

အဲဒီအစီရင်ခံမှာတော့ မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းက နေထိုင်သူတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း တစ်ထပ်တည်းမဟုတ်ပေမယ့် စစ်ကောင်စီရဲ့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုတဲ့ စီမံချက်အောက်မှာ ပြည်သူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်မှုတွေဟာ အထိန်းချုပ်၊အကန့်သတ်ခံထားရတဲ့ အခြေအနေအောက်မှာ ရှင်သန်နေထိုင်ကြရတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြည်သူတွေအချင်းချင်းကြား ပြောဆိုဆက်ဆံကြတဲ့အခါ သိုသိုသိပ်သိပ်နဲ့သာပြောဆို ဆက်သွယ်ကြပြီး ပြောဆိုမိရင်လည်း စစ်ကောင်စီက လာရောက်ဖမ်းဆီး စစ်ဆေးမှာကို ကြောက်ရွံ့နေကြရတယ်လို့ ဖော်ပြထားပါတယ်။



ဒေသခံပြည်သူတစ်ဦးကတော့ စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် ကိုယ့်အိမ်မှာ နေနေရင်တောင် အကျဉ်းကျခံနေရတဲ့ ခံစားချက်ဖြစ်နေတယ်လို့ ပြောပါတယ်။

“ဘယ်အထိပဲ လုပ်လို့ရမယ်၊ဘယ်ဟာက လုပ်လို့မရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေက အရမ်းများနေတယ်။အကြပ်အတည်းတွေက အရမ်းများတဲ့အခါကျတော့ လူက ကြည့်လိုက်ရင် အကုန်လုံးက အကျဉ်းကျနေရတဲ့သူတွေလိုမျိုးပဲ”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်

ရာမညဖက်ဒရယ်အင်အားစုသစ်ရဲ့ အစီရင်ခံစာမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူငယ်အင်အားစုတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားခံနေရပြီး စဉ်ဆက်မပြတ် စောင့်ကြည့်ခံနေရတဲ့ အခြေအနေအောက်မှာ နေထိုင်နေရသလို စစ်အာဏာရှင် ဆန့်ကျင်တဲ့ လူငယ်နဲ့လူလတ်ပိုင်းတွေ အများဆုံး စောင့်ကြည့်ဖမ်းဆီးခံနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဟာလည်း မွန်ပြည်နယ်အတွက် ခရီးသွားလာခွင့် အကန့်အသတ်မျှသာ မဟုတ်ဘဲ ရော်ဘာလုပ်ငန်းကို မှီခိုလုပ်ကိုင်နေရတဲ့ မိသားစု တနိုင်တပိုင်ကစပြီး စီးပွားရေးလုပ်ငန်းရှင်တွေအထိ အဟန့်အတားတစ်ခု ဖြစ်လာခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်မှာ လူ့အခွင့်အ‌ရေး၊စီးပွားရေး၊လူမှု‌ရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့သလို စိတ်မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ဒေသခံ ‌ပြည်သူတစ်ဦးက ပြောပါတယ်။

“နေ့စဉ်နေထိုင်ရတဲ့ ဘဝက မလုံခြုံဘူး။ဘယ်အချိန်မှာများ ငါ့ကို လာစစ်ဖို့ခေါ်မလဲ။အဓိက လူတွေရဲ့စိတ်လုံခြုံရေးကို ထိခိုက်စေတာပေါ့။အဲဒီအကြောက်တရားက ပိုပြီးဆိုးဝါးစေတယ်။ စီးပွားရေး၊လူမှုရေးအပိုင်းမှာလည်း အများကြီးထိခိုက်တယ်။စီးပွားရေးမှာဆိုရင် သိသာစေတဲ့ အချက်က လူတွေရဲ့ဝင်ငွေ ကျလာတယ်”လို့ သူက ‌သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီအစီရင်ခံစာမှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ရက်ပေါင်း ၄၂၄ ရက်အတွင်း မွန်ပြည်နယ်မှာ မတရားဖမ်းဆီးခံရသူ ၅၃၄ ဦး ရှိပြီး စစ်ကောင်စီတပ်က အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် အရပ်သား ပြည်သူတွေနဲ့ကလေးသူငယ် စုစုပေါင်း ၃၃ ဦး သေဆုံးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ်ကတော့ ဒီအစီရင်ခံစာဟာ မွန်ပြည်နယ် ၁၀ မြို့နယ်အပါအဝင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသတွေဖြစ်တဲ့ သထုံ၊ မော်လမြိုင်နဲ့ ထားဝယ်ခရိုင်တို့က ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူ ၂၅ ဦးကို မေးမြန်းထားတဲ့ အချက်အလက်တွေအပေါ် ရေးသားပြုစုထားတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.