မော်လမြိုင် ၊ ဧပြီ (၂၂)

ပြည်ပက ရရှိလာတဲ့ နိုင်ငံခြားငွေတွေကို တစ်ရက်အတွင်း မြန်မာငွေနဲ့ မဖြစ်မနေ လဲလှယ်ရောင်းချ ပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်အပေါ် ကင်းလွတ်ခွင့်ရရှိသူတွေနဲ့ အဖွဲ့အစည်းတွေကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဧပြီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကင်းလွတ်ခွင့်ရတဲ့ အဖွဲ့အစည်းတွေမှာတော့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ၊ အထူးစီးပွားရေးဇုန်တွေမှာ လုပ်ကိုင်နေတဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ၊ နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ၊ ကုလသမဂ္ဂ ခရီးသွားလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေ၊ ဖွံ့ဖြိုးရေး‌‌အေဂျင်စီမှာ ရှိတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းက နိုင်ငံခြားသားဝန်ထမ်း တွေနဲ့ ပြည်ပနိုင်ငံက သံတမန်တွေ၊မိသားစုဝင်တွေနဲ့ သံရုံးဝန်ထမ်းတွေကို ကင်းလွတ်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။



ဒါပေမယ့် နိုင်ငံခြားငွေ လိုင်စင်ရဘဏ်တွေအနေနဲ့ ကင်းလွတ်ခွင့်ပြုထားတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေကို နိုင်ငံခြားငွေနဲ့ စပ်လျဉ်းပြီး ဆောင်ရွက်ပေးရာမှာ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ၊ ဆက်သွယ်လာသူကို စိစစ်တာတွေ ပြုလုပ်ရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဆိုထားပါတယ်။

နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ဝင်ငွေတွေကို တစ်ရက်အတွင်း နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားတဲ့ လိုင်စင်ရဘဏ်တွေမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်နဲ့ လဲလှယ်ရောင်းချဖို့ ဗဟိုဘဏ်က ဧပြီ ၃ ရက်နေ့မှာ ညွှန်ကြားခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ ကင်းလွတ်ခွင့်ရှိသူတွေ ထပ်မံ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပြင်ပပေါက်ဈေးတွေမှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၀၅၀ လောက် ရှိနေတာကြောင့် ပို့ကုန် လုပ်ငန်းရှင်တွေအတွက် ဘဏ်ထဲမှာရှိတဲ့ ဒေါ်လာတွေကို ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်းအတိုင်း ထုတ်ရောင်းပေးနေရလို့ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.