မော်လမြိုင် ၊ ဧပြီ (၂၂)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်က စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူ ၁၅၀ နီးပါး ငှက်ဖျားရောဂါခံစားနေရတာကြောင့် ဆေးဝါးအအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းက မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခဲ့ပြီးနောက် တောင်ပျောက်တိုက်နယ်ထဲ ငှက်ဖျားရောဂါ စတင်စစ်ဆေးတွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ အသက် ၅ နှစ်အရွယ် ကလေးငယ်တွေကစပြီး သက်ကြီးပိုင်းတွေမှာလည်း ငှက်ဖျားရောဂါ ဖြစ်ပွားနေပါတယ်။

စစ်ရှောင်ပြည်သူတွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားနေaပမယ့် ကုသပေးနိုင်တဲ့ ဆေးဝါး အလုံအလောက် မရှိတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးဝါးကုသပေးနေသူ တစ်ဦးက ပြောပါတယ်။



“ ဌက်ဖျားရောဂါ အဖြစ်များနေတယ်။ အသက် (၅)နှစ်ကနေ သက်ကြီးပိုင်းတွေအထိပေါ့ ။ ဌက်ဖျားနဲ့ အခြား ရာသီတုပ်ကွေးတွေ ဖြစ်လာရင် ဆေးဝါးလုံလောက်မှုက မရှိဘူး” လို့ ဆိုပါတယ်။

ငှက်ဖျားရောဂါခံစားနေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ငှက်ဖျားဆေး အပြည့်အဝ မထောက်ပံ့နိုင်တာကြောင့် ဆေးမတိုး (ဆေးယဉ်ပါး)ရောဂါအဖြစ်သို့ ကူးပြောင်းသွားနိုင်တဲ့အပြင် ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ပြီး အသက်သေဆုံးတဲ့ထိ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်ပျောက်တိုက်နယ်ရှိ စစ်ရှောင်ပြည်သူတွေက ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတဲ့အပြင် ရာသီတုပ်ကွေးတွေလည်း အသက်အရွယ်အလိုက် ဖြစ်ပွားနေသလို ဆေးဝါကုသမှု ခံယူဖို့ တိုက်နယ်ပြင်ပထွက်ခွာပါက စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးတာ ခံနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်ပျောက်တိုက်နယ်ထဲမှာေတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၃၀၀၀ နီးပါးဟာ နီးစပ်ရာ တောတောင်တွေနဲ့ စစ်ရှောင်စခန်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေပြန်မနိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.