မော်လမြိုင် ၊ ဧပြီ (၂၂)

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီရဲ့ ပန်းခင်းစီမံချက်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှုကို ခွင့်မပြုတော့ဘူးလို့ တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ်စောဆာမိစေးဖိုးက ဧပြီ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒူးပလာယာခရိုင်အတွင်းရှိ ဒေသခံပြည်သူတွေကို ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာရှေ့တန်းရုံးတွေက နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှုမှာ ကူညီပေးဖို့ ပြီးခဲ့တဲ့မတ်လပိုင်းက တပ်မဟာ ၆ တပ်မဟာမှူးက သက်ဆိုင်ရာတွေထံ အသိပေးစာ ပေးပို့ခဲ့တာကြောင့် လုပ်ငန်းဆောင်ရွက်ဖို့ ခွင့်ပြုခဲ့တာပါ။

ဒီလိုခွင့်ပြုခဲ့ပေမယ့် ဒူးပလာယာခရိုင်အတွင်းမှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသတည်ငြိမ်မှုမရှိဘဲ ဒေသခံပြည်သူတွေ အသက်အိုးအိမ်ထိခိုက်ပျက်စီးခဲ့ရကာ လုံခြုံရေးအရ စိုးရိမ်ရတဲ့အခြေအနေတွေဖြစ်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။



လုံခြုံရေးအရ စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ခြေ မရှိတော့တဲ့အတွက် အရင်အသိပေးထားတဲ့ စစ်ကောင်စီရဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်မှုမှာ ကူညီပေးဖို့ သက်ဆိုင်ရာတွေထံ အသိပေးစာအပေါ် KNU က ပြန်လည်ရုတ်သိမ်းခဲ့တာပါ။

စစ်ကောင်စီရဲ့ ပန်းခင်းစီမံချက် ဆောင်ရွက်ခွင့်မပြုရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောတောနီး အခုလိုပဲ ပြောပါတယ်။

“ တိုက်ပွဲတွေက မပြတ် ဖြစ်နေတယ်။ စစ်ဘေးရှောင်တွေကလည်း သောင်းဂဏန်းထိ ရောက်လာပြီး ။ သူတို့တွက် ပြေးလွှာရတာက နံပတ်တစ် ဖြစ်နေပြီး နိုင်ငံသားကတ် လုပ်တာက နောက်မှဖြစ်နေတယ်။ ဒါကြောင့် စစ်ကောင်စီကို အကြောင်းကြားပြီး ရုတ်သိမ်းဖို့ ပြောရတာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုအထောက်အထား ရရှိရေးအတွက် ပန်းခင်းစီမံချက်နဲ့ မှတ်ပုံတင်တွေ လုပ်ဆောင်ပေးရတာ ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရာမှာ မဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့်တဲ့ ကဒ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ဖို့အတွက် ပန်းခင်းစီမံချက်ကို အကောင်အထည်ဖော်ရတာလို့ ဆိုထားပါတယ်။

ဒါပေမယ့် ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ မိသားစု

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.