မော်လမြိုင် ၊ ဧပြီ (၂၁)
အထိနာနေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ လေးကေကော်မြို့အနီးကို လေယာဉ်နဲ့ ကင်းထောက်ပြီးနောက် ဧပြီ ၂၀ ရက်နေ့ မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံ လုပ်ဆောင်လာတယ်လို့ KNLA ပူးပေါင်းအဖွဲ့ ကော်ဘရာစစ်ကြောင်းက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က လေးကေကော်ဒေသထဲကို တိုက်လေယာဉ်တစ်စီးနဲ့ ကင်းထောက်လေယာဉ် တစ်စီးနဲ့ ၇ ကြိမ် ထက်မနည်း လာရောက် ထောက်လှမ်းပြီးနောက် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ KNLA ပူးပေါင်းအဖွဲ့ ကော်ဘရာစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဧပြီ ၁၉ ရက်နေ့ကလည်း လေးကေကော်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်က ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်းပစ်ခတ်ခဲ့ပေမယ့် ကော်ဘရာစစ်ကြောင်းဘက်က လက်နက်ကြီးနဲ့ ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က အနည်းဆုံးငါးဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
လေးကေကော်ဒေသထဲကို စစ်ကောင်စီက နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့အတွက်ဆိုပြီး တပ်အင်အား တိုးချဲ့တာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက်ကြောင့် နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနေတာ ဖြစ်ပါတယ်။
လေးကေကော်တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူတွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကြောင်း တစ်လျှောက်နဲ့ နီးစပ်ရာ တောတောင်တွေမှာ ဆက်လက် တိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်