မော်လမြိုင် ၊ ဧပြီ (၂၁)
ကေအဲန်ယူ-သထုံခရိုင် တပ်မဟာ ၁ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း ၂ နယ်မြေအတွင်း တပ်စွဲနေထိုင်လျက်ရှိတဲ့ စစ်ကောင်စီတပ်ကို လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းကနေ သုံးရက်အတွင်း ဆုတ်ခွာပေးဖို့ KNDO တပ်ရင်း (၂) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ လေးကေနဲ့ ဝင်းတာပန်က စစ်ကောင်စီတပ်စခန်းအနေနဲ့ လာမယ့် ၂၃ ရက်နေ့ ည ၆ နာရီအချိန်ထိ နောက်ဆုံးထားပြီး စခန်းကနေ ဆုတ်ခွားပေးဖို့နဲ့ ဆုတ်ခွာတာ မရှိရင် စစ်ရေးအရ ထိရောက်စွာအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံအနှံ့အပြားရှိ တိုင်းရင်းသားပြည်သူလူထုအပေါ် ဖမ်းဆီးသတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အိမ်ထောင်သည်နဲ့ ကလေးငယ်ပါမကျန် မုဒိန်းကျင့်တာ၊ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာ အစရှိတဲ့ လူမဆန်တဲ့ ကိစ္စရပ်တွေကို ပြုမှုဆက်ဆံတာ ဖြစ်တဲ့အတွက် မိမိတို့နယ်မြေအတွင်းမှာ နေထိုင်ခွင့်မပြုကြောင်း KNDO တပ်ရင်း ၂ က ဆိုထားပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ ပူးပေါင်းလိုပါက သတ်မှတ်ရက်မတိုင်မီ ဆက်သွယ်ဖို့၊ ထွက်ခွာဖို့လမ်းကြောင်းနဲ့ အချိန်ကို တိကျစွာ ကြိုတင်ညှိနှိုင်းဖို့၊ နယ်မြေအတွင်းမှာ ထုတ်ပြန်ထားပြီးဖြစ်တဲ့ မနက် ၆ ကနေ ည ၆ နာရီအတွင်း သွားလာခွင့်ကို အထူးဂရုစိုက်ဖို့လည်း သတိပေးထားပါတယ်။
ကေအဲန်ယူ သထုံခရိုင် တပ်မဟာ ၁ နယ်မြေအတွင်းမှာ ကေအဲန်ယူနဲ့ စစ်ကောင်စီတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်