မော်လမြိုင် ၊ ဧပြီ (၂၀)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေကို ဧပြီ ၁၉ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ ၁၇၁ (စ) အပါအဝင် အမှု ၃ မှု ဖွင့်လှစ်ထားတာပါ။

အဲဒီအမှုတွေအတွက် မော်လမြိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့တာ ဖြစ်ပြီး ဒီရုံးချိန်းမှာတော့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။



စစ်ကောင်စီကတော့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကို စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရုံးချိန်းတုန်းက စွဲချက်တင် အမိန့်ချမှတ်ထားတာပါ။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုတွေအတွက် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၉ မှု အပါအဝင် အမှု ၁၂ မှုအတွက် တရားရင်ဆိုင်နေပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ကနဦး အမိန့်ချမှတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.