မော်လမြိုင် ၊ ဧပြီ (၂၀)

စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြေးမူဝါဒကြောင့် ဧပြီ ၁၉ ရက်နေ့မှာ စက်သုံးဆီဆိုင်တွေမှာ လက်ကျန်ဆီ နည်းပါးလာတာကြောင့် ခွဲတမ်းနဲ့ ရောင်းချပေးခဲ့ရတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဗဟိုဘက်ကနေ နိုင်ငံခြားငွေတွေကို အလွယ်တကူ ဝယ်ယူလို့ မရတာကြောင့် ဆီဝယ်ယူရာမှာ ဒေါ်လာငွေ ပေးချေဖို့ အခက်အခဲ ရှိခဲ့လို့ ပြည်တွင်းက လုပ်ငန်းရှင်တွေမှာ စက်သုံးဆီ ပြတ်လတ်ခဲ့တာ ဖြစ်ပါတယ်။

စက်သုံးဆီဆိုင်တွေဟာ လက်ကျန်ဆီ နည်းပါးသွားတာကြောင့် ကား တစ်စီးကို ကျပ်(၃၀၀၀၀)ဖိုးကနေ ကျပ်(၅၀၀၀၀)ဖိုး အထိ ခွဲတမ်း နဲ့ ရောင်းချပေးခဲ့ ရပါတယ်။

စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးကတော့ စက်သုံးဆီ သယ်ဆောင်တဲ့ နိုင်ငံခြား သင်္ဘောတွေဟာ သီလဝါ ဆိပ်ကမ်းမှာ အဆင်သင့် ရှိနေပေမယ့် ဒေါ်လာငွေ မပေးသွင်းနိုင်တာကြောင့် ဆီဝယ်ယူဖို့ အခက်ကြုံခဲ့တယ်လို့ ပြောပါတယ်။



“လက်ရှိ ပျက်နေတယ် ဆိုတာက ဒီလို သီလဝါမှာက ဒီသင်္ကြန် မတိုင်ခင် နိုင်ငံခြားသင်္ဘောတွေက ရောက်နေပြီး တန်(၂၀၀၀၀)ပါတဲ့ သင်္ဘောလေ၊ ဆီသင်္ဘောတွေက ရောက်နေပြီး၊ ဆီက ဘယ်လို ပြောမလဲဆိုတော့ ချလို့ မရသေးတာ ဒီသင်္ကြန်မတိုင်ခင် ဒေါ်လာနဲ့ နိုင်ငံခြား သင်္ဘောတွေက သူတို့ဘဏ်အကောက်ထဲကို ပိုက်ဆံ ထည့်ရမှာလေ၊ အဲ့ဒီ ငွေမရသေးတဲ့ အပေါ်မှာ သင်္ဘောတွေက သီလဝါရောက်ပြီး မချရသေးဘူး၊ ငွေမသွင်းနိုင်တဲ့ အပေါ်မှာ ဆီချလို့ မရဘူး၊ အဓိကကတော့ နဂိုတုန်းကဆိုရင် ကျွန်တော်တို့ ဒေါ်လာ အပြင်ပေါက်ဈေးနဲ့ ဝယ်ပြီး သွင်းရတယ်၊ အစိုးရက (၁၈၅၀)နဲ့ သူပေးမယ် ဆိုတော့လေ သူက မသွင်းပေးတဲ့ အပေါ်မှာ ဒီလိုဖြစ်နေတာပေါ့၊ သူမသွင်းပေးတဲ့ အပေါ်မှာ ကုန်သည်တွေကတော့ ဒေါ်လာနဲ့ မြန်မာငွေနဲ့ ရပြီး သွင်းထား ပြီးသားတွေ အဲ့လို ဖြစ်နေတော့ ဒီဒေါ်လာတွေ ကျတော့ ရှင်းရှင်းပြောရင် အစိုးရက သွင်းပေး ရမှာပေါ့”လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဒေါ်လာငွေရောင်းချပေးတဲ့ မူဝါဒကို အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်နိုင်ခြင်း မရှိရင် ဒီရက်ပိုင်း အတွင်း တချို့ စက်သုံးဆီဆိုင်တွေ ယာယီ ပိတ်လာနိုင်သလို စက်သုံးဆီ ဈေးနှုန်း စံချိန်တင် မြင့်တက်လာနိုင်တယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

စက်သုံးဆီတွေကို ခွဲတမ်းနဲ့သာ ရောင်းချပေးတာကြောင့် တန်းစီပြီး ဝယ်ယူနေရပြီး အခက်အခဲတွေ ရှိတယ်လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

“လွတ်လွတ်လပ်လပ် ရတယ်ဆိုရင်တော့ သိပ်အခက်အခဲ မရှိဘူး၊ ဆီဈေးကြီးနေပါစေ ဘာလို့ဆို ကျွန်တော်တို့ မမောင်းလို့ မဖြစ်တဲ့အတွက် မောင်းရတယ် ဆိုတော့လေ ဆီဈေးကြီးလည်း ဆီဈေးကြီးတဲ့ အလျောက် မောင်းရမယ်၊ အခုဟာက အခုလိုမျိုး တန်းစီနေရတဲ့ အနေအထားကြတော့ ကျွန်တော်တို့ ဒီဝမ်းရေးအတွက် Taxiမောင်းနေရ သူတွေအတွက်တော့ အခက်အခဲ ဖြစ်တာပေါ့” လို့ ဆိုပါတယ်။

နိုင်ငံခြားဆီတင် သင်္ဘောတွေကနေ စက်သုံးဆီ အလွယ်တကူ ဝယ်ယူလို့ မရတာကြောင့် ပရီမီယံ ဒီဇယ် တစ်လီတာကို (၂၃၅၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို (၂၂၈၀)ကျပ်၊ ဓာတ်ဆီ (95 ) တစ်လီတာ ကို ကျပ်(၂၁၀၀)ကျော်နဲ့ (92 )တစ်လီတာကို ကျပ်(၂၀၀၀) နီးပါးထိ ဈေးနှုန်း မြင့်တက်လာပါတယ်။

စစ်ကောင်စီကတော့ စက်သုံးဆီ လက်ကျန်နည်းပါးလားတာနဲ့ ဆီပြတ်လပ်မှု ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ ကိစ္စရပ်ဟာ သတင်းအမှားသာ ဖြစ်ကြောင်းနဲ့ ပြည်တွင်းမှာ ဓါတ်ဆီ ဂါလန် (၄၅)သန်း နီးပါး၊ ဒီဇယ်ဆီဂါလန် (၇၀) သန်း ရှိကြောင်းနဲ့ နိုင်ငံ စွမ်းအင်လိုအပ်ချက်နဲ့ စွမ်းအင်လုံခြုံရေး အာမခံချက် ရရှိရေးအတွက် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ်။

စက်သုံးဆီဂယက်ကြောင့် ပြည်သူလူထုအကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာပြီးနောက် ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းမှာတော့ စက်သုံးဆီတွေကို ပုံမှန်အတိုင်း ပြန်လည် ရောင်းချပေးသွားမယ်လို့ စက်သုံးဆီဆိုင်က တချို့ ထုတ်ပြန်လာပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.