မော်လမြိုင် ၊ ဧပြီ (၁၄)

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လေးကေကော်ဒေသကို စစ်အင်အား ထပ်မံ တိုးချဲ့လာသလို လေယာဉ်နဲ့ ကင်းထောက်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က လေးကေကော်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲ ပြန်လည် ပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်တစ်ကြောင်းလုံး ဖွဲ့စည်းပုံပျက်တဲ့အထိ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က လေးကေကော်ဒေသကို တပ်အင်အားတွေ တိုးချဲ့လာသလို လေကြောင်း၊ကြည်ကြောင်း နှစ်ခုစလုံးနဲ့ ထိုးစစ်တွေ ထပ်မံကြိုးပမ်းလာတယ်လို့ KNLA ပူးပေါင်းအဖွဲ့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။



“ ဒီမနက်ပိုင်းမှာတော့ နယ်မြေရှင်းလင်းရေးတွေလုပ်နေပါတယ်။ ထိတွေ့တိုက်ပွဲတော့ မဖြစ်ပါဘူး။ သူတို့ဘက်က အင်အားထပ်ဖြည့်လာတယ်လို့လည်း ကြားရတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲမှာ သူတို့ဘက်က အကျအဆုံးများပြီး အရှက်သိက္ခာကျခဲ့တော့ မဟုတ်မမှန် ဝါဒဖြန့်တာတွေကိုလည်း တွေ့ရပါတယ်။ သူတို့ထပ်ပြီးတော့ ကြိုးစားလာအုံးမယ်လို့ ယူဆရပါတယ်” လို့ ဆိုပါတယ်။

လေးကေကော်ဒေသကို စစ်ကောင်စီရဲ့ တပ်မ ၄၄ တပ်အပြင် တပ်မ ၂၂၊ ကမ်းရိုးတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)တွေပါ ပါဝင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဧပြီ ၁၀ ရက်နေ့က တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က အယောက် ၄၀ နီးပါး သေဆုံးခဲ့သလို စစ်ကောင်စီဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး KNLA ပူးပေါင်းအဖွဲ့က အရှင်ဖမ်းမိခဲ့ပါတယ်။

လေးကေကော်ဒေသဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ သောင်းနဲ့ချီ နီးစပ်ရာ တောတောင်တွေနဲ့ ထိုင်း-မြန်မာနိုင်ငံနယ်စပ် သောင်းရင်းမြစ်ဘေးမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.