ဘီးလင်း၊ ဧပြီ ၁၄

ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတွေက ပြောပါတယ်။

လေးကေစစ်ကောင်စီတပ် စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ KNDO၊ PDF ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရတာ‌‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ ရှိခဲ့တာပါ။

“KNLA ပူးပေါင်းအဖွဲ့တွေက RPG၊ ၇၉ မမ အပြင်လက်နက်ငယ်တွေအသုံးပြုပြီး သူတို့စခန်းနားထိ ကပ်နိုင်သမျှ ကပ်ပြီး တိုက်ခိုက်ခဲ့တာ၊ စကစ ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်။ တို့ဘက်ကတော့ ထိခိုက်တာမရှိဘူး”လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

KNLA ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်တာကို ခံရတာကြောင့်စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်အသုံးပြုပြီး ပြန်လည်ပစ်ခတ်တာ လုပ်‌ဆောင်ခဲ့ပါတယ်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီဘက်က လေးကေကျေးရွာအတွင်းကို ဝင်ရောက်ရှာဖွေတာ‌တွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.