မော်လမြိုင် ၊ ဧပြီ (၁၄)

နိုင်ငံရေးပါတီအနေနဲ့ အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲလမ်းစဉ်မှာ မပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။

ဧပြီ ၁၂ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ၅၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းခဲ့တာပါ။

NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံရေးပါတီအနေနဲ့ စစ်ကောင်စီ ဦးဆောင်ပြီး ကျင်းပမယ့် ရွေးကောက်ပွဲလမ်းစဉ်မှာ မပါဝင်ကြဖို့နဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ပြည်သူလူထုတွေ လက်မခံတဲ့အတိုင်း နိုင်ငံရေးပါတီတွေအနေနဲ့ လုံးဝလက်ခံလို့ မရဘူးလို့ ပြောပါတယ်။



စစ်ကောင်စီက သူတို့ဘာသာ စီမံချက်ချမှတ် သူတို့ ကိုယ်တိုင် ရေးဆွဲထားတဲ့ စည်းမျဉ်းအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်နည်းနဲ့မှ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိလာမှာ မဟုတ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့ပါတယ်။

ဒါအပြင် NUG အစိုးရအနေနဲ့လည်း ပဋိညာဉ်အပိုင်း (၁) နဲ့ (၂) ပါ မူဝါဒတွေ၊ အနာဂတ်လမ်းပြမြေပုံတွေနဲ့အညီ အစိုးရအဖွဲ့၊ NUCC၊ CRPH၊ EAOs တွေနဲ့ ညှိနှိုင်းတိုင်ပင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အဲဒီအစည်းအဝေးမှာတော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တစ်နှစ်ပြည့် ပြည်သူ့အစီ ရင်ခံစာတင်ပြတာ၊ CDM ဝန်ထမ်းတွေကို တစ်နှစ်ပြည့် CDM ငွေစုစာချုပ် ပေးအပ်ချီး မြှင့်ဖို့ ဆောင်ရွက်နေတာတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.