မော်လမြိုင် ၊ ဧပြီ (၁၄)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲက ပြည်သူတွေအနေနဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ရပါက ချိတ်ဆက် ဆောင်ရွက်ပေးဖို့ ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

သရက်ချောင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက်မယ့် လမ်းကြောင်းအတွင်း ဝင်ရောက်လာတာကြောင့် တိုက်ခိုက်မယ့် အစီအစဉ်တွေ ဖျက်သိမ်းလာရတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ရရင် ချိတ်ဆက် ဆောင်ရွက်ပေးကြဖို့နဲ့ ပြည်သူတွေအတွက် လုံခြုံတဲ့နေရာလည်း စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။



“ ပြီးခဲ့တဲ့ အခေါက်က တိုက်ပွဲဖြစ်တော့ စစ်ရှောင်သူတွေက ကျွန်တော်တို့ စီစဉ်ပေးသလို မပြေးကြဘဲနဲ့ အဆင်ပြေသလို ရှောင်ကြတော့ စစ်တပ်ဘက်ရှိတဲ့လမ်းကြောင်းကနေ ပြေးကြတာလဲရှိတယ်။ ပြီးတော့ ငါတို့က ဘာမှလုပ်ထားတာမဟုတ်ဘူးဆိုပြီး မပြေးကြတဲ့ သူတွေလဲရှိတယ်။ စကစ ဘက်ကတော့ တွေ့တဲ့သူကို ဖမ်းပြီး လူသားဒိုင်းသဘောလုပ်တာဆိုတော့ ကျွန်တော်တို့ အလုပ်လုပ်မယ့်ကိစ္စက အခက်ခဲဖြစ်သွားကော။ သူတို့ကို ငဲ့ပြီး ကျွန်တော်တို့က ဘာမှ မလုပ်လိုက်ရဘူး ဖြစ်သွားတယ်” လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကူညီပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးထားတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ပြောပါတယ်။

သရက်ချောင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.