မော်လမြိုင် ၊ ဧပြီ (၁၂)

တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့တဲ့ လေးကေကော်မြို့သစ်တိုက်ပွဲမှာ စစ်ကောင်စီ လေယာဉ်က မှားယွင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ကောင်တပ်သား အများအပြား သေဆုံးခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့က ပြောပါတယ်။

တိုက်ပွဲတွေအတန်အကြာ ငြိမ်သက်နေခဲ့တဲ့ လေးကေကော်မြို့သစ်ထဲကို ဧပြီ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအနာခဲ့တာကြောင့် လေကြောင်းပစ်ကူအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မှားယွင်းပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။



“ ဘုရားကုန်းနားကို ဗုံးကြဲတော့ အဲ့ဒီနားမှာ သူတို့ဘက်က ဒဏ်ရာရထားတဲ့ ရဲဘော်တွေ ရှိတယ်။ တိုက်ပွဲဖြစ်နေတော့ မကောက်နိုင်သေးတာ။ အဲ့ဒီချိန်မှာ သူတို့ဘက်က ဗုံးလာကြဲတော့ အချို့ဆို အပိုင်းပိုင်း ပြတ်ထွက်ကုန်တယ် ၊ အချို့ဆို မီးတွေလောင်တယ်။ အကုန်သေပါတယ်” လို့ ဆိုပါတယ်။

ဧပြီ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၃၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး အလောင်းတွေကိုတော့ ဒီကနေ့အထိ လာရောက်ကောက်ယူတာတွေ မရှိသေးဘူးလို့ KNLA ပူးပေါင်းအဖွဲ့က ပြောပါတယ်။

ကော်ဘရာစစ်ကြောင်းရဲ့ထုတ်ပြန်ချက်အရ စစ်ကောင်စီ တပ်မ ၄၄ က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို အရှင်ဖမ်းဆီးရမိထားပြီး တပ်ရင်းမှူးပါ သေဆုံးနိုင်ကာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုထဲမှာ ဓာတုဗုံးလို့ယူဆရတဲ့ ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်လာခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့က ဆိုပါတယ်။

“ ညနေပိုင်းမှာ ကြဲတဲ့ ဗုံးတွေကတော့ အနံ့ကတော့ တော်တော်မွှေးတယ်။ ကျွန်တော်တို့ကတော့ ချက်ချင်းသိလိုက်တယ် ဓာတုဆေးဝါးတွေ ပါလာနိုင်တယ်ဆိုတာ ။ ရေစိုအဝတ်နဲ့ နှာခေါင်းကို အုပ်လိုက်ကြတယ်။ ရှုမိလိုက်တဲ့ ရဲဘော်တွေကတော့ မူးတာ အန်တာတွေဖြစ်တယ်” လို့ ဆိုပါတယ်။

တိုက်ပွဲတွေ တနေကုန် ပြင်းထန်ခဲ့တဲ့ လေးကေကော်မြို့သစ်မှာ ဧပြီ ၁၁ ရက်နေ့မှာတော့ စစ်ရေးလှုပ်ရှားတာတွေ မရှိဘဲ ငြိမ်သက်နေပါတယ်။

လေးကေကော်ဒေသမှာတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်တို့အကြား တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက်နဲ့ ဘေးလွတ်ရာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရသလို လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.