မော်လမြိုင်၊ ဧပြီ ၁၁

မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ရဲ့ လက်ရှိ သက်တမ်းအား ဖျက်သိမ်းပြီး ရပ်ဆိုင်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံတည်ဆောက်ရေးနဲ့ အများပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးကို ကာကွယ်ပြီး တာဝန်ယူဆောင်ရွက်ပေးရမယ့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ပြုဖျက်ဆီးနေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဟာ လိုင်စင်ကြေး‌တွေကို အဓမ္မကောက်ခံပြီး ရရှိလာတဲ့ ငွေကြေး‌တွေအား ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပေးအပ်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ငန်းတွေမှာ တတပ်တအားပါဝင်ဆောင်ရွက်ပေးနေတယ်လို့ NUG က ဆိုထားပါတယ်။



ဒါကြောင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ကို တာဝန်ယူထိန်းကြောင်းဆောင်ရွက်နေတဲ့ နာယကတွေ၊ ကောင်စီဝင်‌တွေ၊ ဗဟိုကော်မတီဝင်‌တွေ၊ သက်ဆိုင်ရာ ဆက်စပ်ကော်မတီဝင် အားလုံးရဲ့ လက်ရှိသက်တမ်းကိုဖျက်သိမ်းပြီး တာဝန်မှ ရပ်ဆိုင်းကြောင်း ထုတ်ပြန်လိုက်ပါတယ်။

တာဝန်မှ ရပ်ဆိုင်းခံရသူအားလုံးရဲ့ လုပ်ငန်းဆောင်ရွက်မှု‌ အားလုံးကို တရားဝင်မှု မရှိကြောင်း သတ်မှတ်လိုက်တဲ့အပြင် သက်တမ်း အသစ်ဖွဲ့စည်းမှု အားလုံးကို နိုင်ငံတော်သမ္မတရုံးမှ နောက်ထပ်အမိန့်တစုံတရာ ထပ်မံထုတ်ပြန်တဲ့အထိ ရပ်ဆိုင်းထားရမယ်လို့ NUG အစိုးရက ကြေညာထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.