မော်လမြိုင် ၊ ဧပြီ (၁၂)
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း မသန်စွမ်းသူ ၃၀၀ နီးပါး ကို သတ်ဖြတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရေးကော်မတီက ပြောပါတယ်။
မသန်စွမ်းသူတွေဟာ တိုက်ပွဲတွေအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ပြီး သေဆုံးသွားသူတွေ ရှိသလို တချို့ မသန်စွမ်းတွေက စစ်ဘေးရှောင်ရင်း ကျန်းမာရေး စောင့်ရှောက်မှုမရတာကြောင့် သေဆုံးတာတွေ ရှိနေတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်က စစ်မရှောင်နိုင်တဲ့ မသန်စွမ်းသူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေကိုလည်း အကြောင်းမဲ့ သတ်ဖြတ်တာ တွေရှိတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရေးကော်မတီ အတွင်းရေးမှူး(၂) ကိုရဲဝင်းက ပြောပါတယ်။
“တချို့ဆိုရင် ဆွေမရှိ မျိုးမရှိဘဲ မျက်မမြင် အဖွားကြီးတစ်ယောက် ရွာတစ်ရွာမှာ ကျန်ခဲ့တယ်ပေါ့နော်၊ ထမင်းချက်စားနေရတယ် အဲ့လိုမျိုးပေါ့နော် စစ်တပ်က လာတဲ့အချိန်ကျရင် အဲ့ဒီအဖွားကြီးကို သတ်သွားတယ်၊ စိတ်ကျန်းမာရေး မကောင်းတဲ့ လူတွေ စိတ်ပိုင်းဆိုင်ရာ မသန်းစွမ်းတွေပေါ့နော်၊ ကိုယ်လွတ်ရုန်းပြီး ပြေးကြရတဲ့အချိန်ကျတော့ ရွာမှာ တစ်ယောက်တည်း ကျန်ခဲ့တယ်၊ အဲ့တော့ စစ်တပ်ကလာတဲ့ အချိန်ကျရင် သတ်သွားတယ်ပေါ့နော်” လို့ ဆိုပါတယ်။
တဖက်မှာတော့ တိုက်ပွဲတွေကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူတွေ၊ မျက်လုံးဆုံးရှုံးရသူတွေနဲ့ အကြားအာရုံ ဆုံးရှုံး ရသူတွေ နေ့စဉ်နီးပါး တိုးလာနေသလို ကျန်မာရေး စောင့်ရှောက်မှု အပြည့်အဝ မရတာကြောင့် ပိုမိုပြင်းထန်တဲ့ မသန်စွမ်း ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်နေရတဲ့ မသန်စွမ်းသူတွေနဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ မသန်စွမ်းသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စားရင်အရ နိုင်ငံ လူဦးရေ ၁၃ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ပုံစာ – ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူတွေကို မြေမြုပ်သဂြိုလ်ပေးနေစဥ်