မော်လမြိုင် ၊ ဧပြီ (၃)

ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာကိစ္စရပ်တွေအတွက် အထောက်အထား ခိုင်လုံရင် လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ဘဏ်စာရင်းတွေကနေ တစ်ပတ် ကျပ် သိန်း ၁၀၀ ထုတ်ပေးမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဘဏ်တွေအပေါ် ပြည်သူလူထု ယုံကြည်ကျဆင်းလာတာ၊ ရာခိုင်နှုန်းနဲ့ ငွေသားထုတ်ယူနေရတာ၊ ငွေစက္ကူအတု ပျံ့နှံ့နေတဲ့အချိန်မှာ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကို အခုလို ဖြေလျော့ပေးလာတာ ဖြစ်ပါတယ်။

အဲဒီဖြေလျော့မှုတွေထဲမှာတော့ စက်မှုဇုန်စက်ရုံတွေရဲ့ လုပ်ခလစာကိစ္စရပ်တွေအတွက် ကန့်သတ်ချက်မရှိ ငွေထုတ်ပေးဖို့နဲ့ ကုန်ကြမ်းဝယ်ယူမှုအတွက်လည်း ငွေသားထုတ်ယူမှုကို မိမိတို့ရဲ့ ငွေကြေးလွယ်ကူမှု အပေါ်မူတည်ပြီး တစ်ပတ် ကျပ်သိန်းတစ်ထောင် ထုတ်ခွင့်ပြုတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗဟိုဘဏ်က ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေကို ဖြေလျှော့လာတာဟာ အရင်ကနဲ့စာရင် ပိုမို လွယ်ကူပေမယ့် ငွေကြေးတန်ဖိုး မရှိတော့တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ အိမ်ခြံ‌မြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။



စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဖြေလျော့မှုတွေထဲမှာတော့ အစိုးရဌာနတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လုပ်ခလစာတွေ၊ထောက်ပံ့ကြေးတွေ၊ပင်စင်လစာတွေအတွက် ငွေထုတ်ယူမှုကို အထောက်အထားတွေ စိစစ်ပြီး ဘဏ်တွေအနေနဲ့ မိမိတို့ငွေကြေးလက်ကျန်အခြေအနေအရ သတ်မှတ်ချက်ကျော်လွန်ပြီး ထုတ်ပေးဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရဌာနတွေရဲ့ အသုံးစရိတ်တွေ၊ ဘတ်ဂျက်ငွေနဲ့ ဆောင်ရွက်တဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေအပြင် သက်ဆိုင်ရာကဏ္ဍအလိုက် ငွေသားထုတ်ယူမှုကို တစ်ပတ် အများဆုံး ကျပ်သိန်းတစ်ထောင်အထိ ထုတ်ခွင့်ပြုဖို့လည်း ပါဝင်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဗဟိုဘဏ်ရဲ့ဖြေလျော့မှုအပေါ် လက်ခံကြိုဆိုပေမယ့် မြေပြင်မှာ ငွေသားအလွယ်တကူ ထုတ်ယူနိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.