မော်လမြိုင် ၊ ဧပြီ (၃)

စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေး ရိုက်ခတ်မှုတွေကြောင့် တစ်နှစ်ကျော် ကာလအတွင်း မိဘမဲ့ ကလေးတွေနဲ့ ဆင်းရဲနွမ်းပါး ကလေးတွေကို ကူညီ စောင့်ရှောက်နေတဲ့ ပရဟိတ မိဘမဲ့ကျောင်းနဲ့ ဂေဟာတွေဟာ ဆက်လက် ရပ်တည်ဖို့ ပိုမို အခက်ကြုံလာရတယ်လို့ ပရဟိတ မိဘမဲ့ကျောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပရဟိတ မိဘမဲ့ကျောင်းနဲ့ ဂေဟာတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာအပြင် စီးပွာရေး ကြပ်တည်းမှုကြောင့် အလှူရှင် နည်းပါးလားတဲ့အတွက် ဆက်လက် ရပ်တည်ဖို့ အခက်ကြုံနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြုစုစောင့်ရှောက်ထားတဲ့ ကလေးတွေကို အသားဟင်းတောင် ပုံမှန် မကျွေးနိုင်တော့ သလို နို့စို့ အရွယ် ကလေးတွေကိုလည်း နို့မှုန့် မတိုက်နိုင်တော့တဲ့အတွက်ကြောင့် ထမင်းပြောင်း ကျွေးနေရတယ်လို့ ပရဟိတ မိဘမဲ့ကျောင်း ဆရာတော် တစ်ပါးက မိန့်ဆိုပါတယ်။

“ အခုလောလောဆယ်က ကိုယ်တိုင်ကိုယ်ကျ သီးပင်စားပင် စိုက်တယ် ၊ အဲ့ကရတဲ့ဟာနဲ့ တချို့လှူတဲ့ ဥစ္စာနဲ့ကိုပေါ့ အရင်တုန်းကတော့ အသားကို ပုံမှန်ကျွေးနိုင်တယ်၊ အခု အသား မကျွေးနိုင်တော့ဘူး၊ အခုလောလောဆယ် (၃)ရက်တစ်ခါ (၄)ရက်တစ်ခါ (၅)ရက်တစ်ခါ အဲ့လောက်မှဘဲ ကျွေးနိုင်တော့တယ်၊ နို့စို့ကလေးအတွက် နို့မှုန့်ဆိုလိုရှိရင်တော့ အခုလောလောဆယ်တော့ နို့မှုန့်မတိုက်နိုင်တဲ့ အရာတွေမှာ ထမင်းနဲ့ရော ကျွေးရတဲ့ အရာတွေ ဖြစ်ကုန်တာပေါ့” လို့ မိန့်ပါတယ်။



ဒါ့အပြင် ကလေးတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေကိုပဲ ဦးစားပေး ဖြေရှင်းနေရတာကြောင့် အရင်လို ကျန်းမာရေး စောင့်ရှောက်မှုတွေ မပေးနိုင်တော့သလို ပညာရေးသင်ပေးနိုင်မှုလည်း ပိုမို အားနည်းလာတယ်လို့ ဆိုပါတယ်။

ကလေးတွေကို ပညာသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေရဲ့ လစာ လျော့ချလာရသလို အလှူရှင် နည်းတာကြောင့် စာရေးကိရိယာတွေ မလုံလောက်မှု ဖြစ်ပေါ်နေတယ်လို့လည်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် တစ်ပါးက မိန့်ဆိုပါတယ်။

စားဝတ်နေရေး အခက်အခဲတွေကြောင့် လာရောက် အပ်နှံတဲ့ မိဘမဲ့ ကလေး အသစ်တွေကို လက်ခံနိုင်ခြင်း မရှိတော့ သလို တချို့ကလေးသူငယ်တွေကိုလည်း မိဘတွေဆီ ပြန်လည် အပ်နှံပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မိဘမဲ့ ကလေးတွေနဲ့ ဆင်းရဲနွမ်းပါး ကလေးတွေကို စောင့်ရှောက်ထားတဲ့ ပရဟိတ မိဘမဲ့ကျောင်းနဲ့ ဂေဟာတွေ အပါအဝင် ဘုန်တော်ကြီးသင် ပညာရေးကျောင်း ထောင်နဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.