မော်လမြိုင်၊ ဧပြီ ၂

ကေအဲန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF) တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေရှိခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။

ဧပြီ ၁ ရက်နေ့ မနက် ၆ နာရီက KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း(၁၅) တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ခေါပုတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မတ်လ ၃၁ ရက်နေ့ကလည်း ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့(၄၃၄) တပ်ရင်းကို တပ်မဟာ ၅ က မနက် ၈ နာရီနဲ့ ၁၁ နာရီအချိန်မှာ နှစ်ကြိမ်တိုင်တိုင်ဝင်ရောက်ပစ်ခတ်ခဲ့သလို ၉ နာရီကျော်အချိန်ကလည်း ကူးဆိပ်စခန်းကို တစ်ကြိမ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ အဲ့ဒီပစ်ခတ်မှုသုံးကြိမ်အတွင်းမှာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ ကဆိုပါတယ်။



ဒါ့အပြင် မတ်လ ၃၁ ရက်နေ့ ၁၁ နာရီကျော်အချိန်က ရှေ့တန်းတပ်ချိန်းဖို့အတွက် ကမမောင်းကနေ ကတိုင်တိဒေသဘက်ကို ဦးတည်မောင်းနှင်းလာတဲ့ စစ်ကောင်စီတပ်သား ၄၀ ကျော်ပါတဲ့ ၁၀ ဘီးကားကို တပ်မဟာ ၅ က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဘီးသဘလူကလိုးမှာရှိတဲ့ BGF ကို နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ပစ်ခတ်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

မနေ့ ဧပြီ ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ကလည်း ဖာပွန်အခြေစိုက်စစ်ကောင်စီရဲ့တပ်တွေဟာ ကလော်ထာကျေးရွာအုပ်စုအတွင်းက ဒေဘောခေါ်၊ တိုသေဖူး၊ ကနဲဃေါထာ၊ ဒူးပရက်ကျိုး၊ ထီးညာလီခီးနဲ့ ထိုလွီကျိုးကျေးရွာများအတွင်းကို အမြောက်လက်နက်ကြီးတွေနဲ့ အချက် ၂၀ ကျော်ပစ်ခတ်ခဲ့ပြီး ဒေသခံရွာသားတွေ ထိခိုက်မှုမရှိဘူးလို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.