မော်လမြိုင် ၊ ဧပြီ (၂)

အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်မယ့် တက္ကသိုလ်တွေကို မတက်ဘဲ ဆက်လက် တော်လှန်ပေးဖို့ CDM တက္ကသိုလ်ဆရာ၊ဆရာမတွေနဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်၊ဒီဂရီကောလိပ်နဲ့ ကောလိပ်အသီးသီးက အတန်းအားလုံးကို မေ ၁၂ ရက်မှာ စတင် ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီက ဖွင့်လှစ်မယ့် သင်တန်းတွေထဲမှာ ကိုဗစ်ကပ်ရောဂါမတိုင်ခင် ပြီးခဲ့တဲ့ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူတွေအတွက် ပထမနှစ် နေ့သင်တန်းတွေလည်း ပါဝင်ပါတယ်။



ဒါ့အပြင် အဝေးသင်သင်တန်းတွေကိုလည်း စက်တင်ဘာနဲ့ အောက်တိုဘာလတို့မှာ အနီးကပ် သင်တန်းဖွင့်လှစ်ပြီး စာမေးပွဲဖြေဆို စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ဖွင့်လှစ်မယ့် တက္ကသိုလ်တွေဟာ အရည်အချင်း ပြည့်ဝလာမှာ မဟုတ်တဲ့အတွက်ကြောင့် ကျောင်းမတက်ဘဲ ဆက်လက်တော်လှန်ပေးဖို့ ‌မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဥက္ကဋ္ဌ မင်းသံစဉ်ဦးက တောင်းဆိုလိုက်ပါတယ်။

” အများကြီးတော့ မပြောချင်တော့ဘူး ။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင် ပေးဖို့ပါ။ အဲ့လိုပူးပေါင်းပါဝင်ပေးမှသာ ပညာရေး ကျန်းမာရေး စသဖြင့် ဟန်ချက်ညီညီ သွားနိုင်မှာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီက တက္ကသိုလ် သင်တန်း အားလုံးကို မရမက ပြန်ဖွင့်ကြိုးပမ်းတာဟာ ကျောင်းသူ၊ကျောင်းသာတွေ အပါအဝင် ဆရာ၊ဆရာမတွေကို သွေးခွဲဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ CDM တက္ကသိုလ် ဆရာမတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဖွင့်လှစ်မယ့် တက္ကသိုလ်သင်တန်းတွေကလည်း တက်ရောက်သူ မရှိသလောက် နည်းပါးနိုင်တာကြောင့် အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“သူတို့ (စကစ) လုပ်ချင်တဲ့ပုံစံက ကလေးတွေကို ဆွဲဆောင်မယ်၊ သိမ်းသွင်းမယ်၊ သွေးခွဲမယ်။ ဆရာ၊ဆရာမတွေလည်း အဲဒီလိုပဲ။CDM တွေနဲ့ Non CDM တွေနဲ့ အဲဒီလိုမျိုး သူတို့က အခုလောလောဆယ် အခွင့်အရေးတွေ ပေးပြီးတော့ ချော့ထားတာပေါ့၊ ဆရာ၊ဆရာမ တွေကို။ အဲဒီလိုမျိုး သူတို့ဖွင့်လိမ့်မယ်။ဖွင့်တာက မအောင်မြင်လည်း အောင်မြင်တယ်ပြောပြီးတော့ ဖွင့်မှာပဲ”လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် တက္ကသိုလ်သင်တန်း တချို့ကို မရမက ပြန်လည်ဖွင့်လှစ်ခဲ့သလို စာမေးပွဲဖြေဆိုသူတွေကိုလည်း မအောင်မနေရ စနစ်နဲ့ အောင်ပေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီ တက္ကသိုလ်တွေက ပေးအပ်မယ့် ဘွဲ့တွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.