ဘန်ကောက်- မတ်(၂၉)

ယူကရိန်းသမ္မတဇီလန်းစကီးက အနောက်နိုင်ငံတွေ အနေနဲ့ ရုရှားကို ကြောက်ရွံမှုတွေရှိနေရင် ယူကရိန်း လက်နက်သိုလှောက်ရုံတွေကို စစ်ဘက်ဆိုင်ရာ ပစ္စည်းအစိတ်အပိုင်းတွေ ထောက်ပံ့ပေးဖို့ တောင်းဆို လိုက်ပါတယ်။

နိုင်ငံတချို့က သံချပ်ကာနဲ့ လေယာဉ်ပစ်ဒုံးတွေအပြင်လက်နက်ငယ်တွေ ပေးပို့မယ်ဆိုပြီး ကတိပြုထားပေမယ့် လိုအပ်နေတဲ့ ပစ္စည်းတွေတော့ မရသေးတဲ့အခြေအနေမှာရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

“ငါတို့နိုင်ငံအတွက် တင့်ကားတွေ၊ ဒုံးကျည်ကာကွယ်ရေးတွေ၊ သင်္ဘောဖျက်လက်နက်တွေ လိုအပ်နေပါတယ်။ အဲ့ဒါတွေက ငါတို့ ရဲ့မဟာမိတ်တွေမှာရှိတယ်။ အဲ့ဒါတွေအားလုံးက ယူကရိန်း လွတ်လပ်ရေးအတွက်တင်မဟုတ်ပါဘူး။ ဥရောပတိုက်တစ်ခုလုံးရဲ့လွတ်လပ်မှုအတွက်ပါ” လို့ စနေနေ့ ညနှောင်းပိုင်း ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ နေတိုးရဲ့ လေယာဉ်ပစ်(၁)ရာခိုင်နှုန်းနဲ့တင့်ကား(၁) ရာခိုင်နှုန်းပဲလိုတယ်လို့ ပြောဆိုထားပြီး ဝိုင်းရံခံထားရတဲ့ တောင်ပိုင်းမာရီယူပိုးဆိပ်ကမ်းကို တင့်ကား၊သံချပ်ကာယာဉ်နဲ့လေယာဉ်အလုံ အလောက်မရှိဘဲ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ မဖြစ်နိုင်ဘူးလို့လည်း သူက ပြောပါသေးတယ်။



သမ္မတဇီလန်းစကီးနဲ့ ပိုလန်ခေါင်းဆောင်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက စကားပြောတာတွေရှိခဲ့ပြီး ရုရှားလုပ်တိုက်လေယာဉ်တွေကို လွှဲပြောင်းပေးတာမရှိသေးတဲ့အတွက် စိတ်ပျက်မိတယ်လို့ သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ပြီးရင် ဥရောပကိုထပ်မံတိုးချဲ့ဖို့ ကြိုးပမ်းမှာဖြစ်တယ်လို့ ဇီလန်းစကီး က အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့ပေမယ့် ယူကရိန်းမှာလေယာဉ်မပျံသန်းရဇုန် သတ်မှတ်ဖို့ တောင်းဆိုချက်ကို နေတိုးက ငြင်းဆိုထားပါတယ်။

ယူကရိန်းမှာ (၁၉၇၀-၈၀) ခုနှစ်ထုတ်စစ်ပစ္စည်းတွေနဲ့ တိုက်ပွဲဝင်နေရတဲ့ အခြေအနေမှာရှိနေပြီး ရုရှားက ၂၀၁၀ နောက်ပိုင်းထုတ်ထားတဲ့ စစ်လက်နက်တွေနဲ့ တိုက်ခိုက်နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူ ကိုလိုနယ် ယူရီအီနာက ပြောပါတယ်။

ယူကရိန်းလေတပ်ကို အင်အားဖြည့်တင်းဖို့ အတွက် ဂျာမန်ရှိ အမေရိကန်အခြေစိုက်စခန်းက MIG-29 တိုက်လေယာဉ်တွေ လွှဲပြောင်းပေးဖို့ ပိုလန်ရဲ့ကမ်းလှမ်းချက်ကိုလည်း ကန်အစိုးရက ပယ်ချထားပါတယ်။

ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို ရက်ပေါင်း(၃၀)ကျော် ခုခံတိုက်ခိုက်ခဲ့ပေမယ့် လိုအပ်နေတဲ့ စစ်လက်နက်ပစ္စည်းတွေ လုံလုံလောက်လောက်ထောက်ပံမှုမရတာဟာ ရုရှားရဲ့ ခြိမ်းခြောက်မှုတွေ ကြောင့်လားဆိုပြီးလည်း ယူကရိန်းသမ္မတက မေးခွန်းထုတ်ထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.