မော်လမြိုင် ၊ မတ် (၂၉)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးလမ်းပိုင်းမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအချိန်ထိသာ သွားလာကြဖို့ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထားဝယ်ပကဖ)က မတ်လ ၂၈ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်က ထားဝယ်-ထီးခီးလမ်းပိုင်းမှာ အရပ်သားတွေ အသုံးပြုတဲ့ကားတွေနဲ့ သွားလာနေတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ ကားမှန်ချ မောင်းနှင်ကြဖို့အပြင် ကားမောင်းရာမှာလည်း ကီလို ၆၀ ထက် ပိုမမောင်းဖို့နဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအချိန်ထိသာ သွားလာကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း လူမှုကယ်ဆယ်ရေးကားတွေမှ အပ သွားလာတာတွေမပြုလုပ်ဖို့နဲ့ လူမှုကယ်ဆယ်ရေးကားတွေ သွားလာရင်လည်း အသိပေး အကြောင်းကြားဖို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထားဝယ်ပကဖ) ပြန်ကြားရေးတာဝန်ခံ တစ်ဦးက အခုလိုပဲ ပြောပါတယ်။



“ စစ်ကောင်စီက ဒီလမ်းပိုင်းမှာ အရပ်သားကားအသုံးပြုပြီး သွားလာတာများတဲ့အတွက် ပြည်သူတွေ ထိခိုက်မှာစိုးလို့ ဒီထုတ်ပြန်ချက် ထုတ်ရတာပါ” လို့ ဆိုပါတယ်။

ဒါကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ကို မဖြစ်မနေ လိုက်နာပေးဖို့နဲ့ လိုက်နာတာ မရှိရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထားဝယ်ပကဖ)က ပြောပါတယ်။

တနင်္သာရီတိုင်း ထားဝယ်-ထီးခီးလမ်းပိုင်းပေါ်မှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.