လေးကေကော်၊ မတ် ၁၉

ကေအဲန်ယူ ဒူးပလာယာခရိုင် လေးကေကော်မြို့မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တချို့မှာ စစ်ကောင်စီတပ်က ပစ္စည်းခိုးယူပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ လေးကေကော်လူငယ်ကွန်ရက်က ထုတ်ပြန်လိုက်တာပါ။

လေးကေကော်မြို့ထဲကို ဝင်ရောက်အခြေချ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဟာ မြို့တွင်းမှာရှိတဲ့ နေအိမ်တချို့မှာ ပစ္စည်းခိုးယူပြီးနောက် မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လေးကေကော်ဒေသခံတွေအဆိုအရ စစ်ကောင်စီ တပ်စွဲထားတဲ့ ကာလအတွင်း လေးကေကော်မြို့က နေအိမ်အလုံး ၃၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ပြောပါတယ်။


တဖက်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် KNLA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေကော် အပါအဝင် ကော့ကရိတ်တောင်ပိုင်းဒေသ ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားပြီး နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးတာတွေ ပစ္စည်းတွေခိုးယူတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲကို ရောက်ရှိတဲ့နေတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ပြန်လည်ဆုတ်ခွာပေးဖို့ တပ်မဟာ ၆ က အကြောင်းကြားစာပေးပို့ပြီးတဲ့နောက်ပိုင်း နှစ်ဖက် စစ်ရေးပိုမို တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

သုံးလတာကြာမြင့်နေပြီဖြစ်တဲ့ လေးကေကော်တိုက်ပွဲကြောင့် လေးကေကော်ဒေသခံအပါအဝင် အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်ထိ နေရပ်ကိုမပြန်နိုင်သေးဘဲ ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းပေါ်မှာ ယာယီခိုလှုံနေထိုင်ရဆဲဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.