မော်လမြိုင်၊ မတ် ၁၉

ကျိုက်မရောမြို့နယ်က အတ္ထရံတံတား(ချောင်းနှစ်ခွ)ရဲကင်းဂိတ်စခန်းဟာ ဒီမနက်ပိုင်းက တိုက်ခိုက်ခံရပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက် ၆ နာရီခွဲအချိန်ကစပြီး ချောင်းနှစ်ခွတံတားမှာရှိတဲ့ စစ်ကောင်စီရဲ့ ရဲကင်းဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့တာပါ။

ချောင်းနှစ်ခွတံတားအပြင် ချောင်းနှစ်ခွနဲ့ တောင်ကလေးကြားမှာရှိတဲ့ လက်ပူးကုန်နေရာမှာလည်း ထိတွေ့ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားလျက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီက ချောင်းနှစ်ခွတံတားမှာ ဖြတ်သန်းသွားလာမှုတွေကို ပိတ်ထားခဲ့လိုက်တယ်လို့ ခရီးသွားလာနေတဲ့ ဒေသခံတွေက ပြောကြပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေမှာ ဝင်ရောက်အခြေချလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ပြန်လည်ဆုတ်ခွာပေးဖို့ တပ်မဟာ ၆ က စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ စာပေးပို့အသိပေးအကြောင်းကြားပြီးတဲ့နောက်ပိုင်း တပ်မဟာ ၆ နယ်မြေတွေအတွင်းမှာ စစ်ရေးတင်းမာမှုတွေ ပိုမိုဖြစ်ပွားနေတာဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.