ဆော်ဒီ၊ မတ် ၁၃

ဆော်ဒီအာရေဗျနိုင်ငံသည် ယီမင်နိုင်ငံသားခုနစ်ဦးနှင့် ဆီးရီးယားနိုင်ငံသားတစ်ဦးအပါအဝင် လူ ၈၁ ဦးကို စနေနေ့ က ကွပ်မျက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ၎င်းဖြစ်ရပ်သည် နိုင်ငံ၏ ဆယ်စုနှစ်အတွင်း လူအများဆုံးကွပ်မျက်မှုလည်းဖြစ်ခဲ့သည်။

ကျူးလွန်မှုများတွင် အပြစ်မဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို သတ်ဖြတ်မှု၊ စစ်သွေးကြွအုပ်စုများနှင့် ပူးပေါင်းခြင်းအပါအဝင် ဘာသာရေးယုံကြည်မှု အမြင်မတူသူသည့်အမှုတွေလည်းပါဝင်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပုဂ္ဂိုလ်များကျူးလွန်သည့် ရာဇ၀တ်မှုများတွင် ISIS (အစ္စလာမ္မစ်နိုင်ငံတော်)၊ အယ်လ်ကေးဒါးနှင့် ဟူသီများကဲ့သို့သော နိုင်ငံခြားအကြမ်းဖက်အဖွဲ့များကို သစ္စာခံခြင်းလည်း ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိပါသည်။ ကွပ်မျက်မှုအား ဝန်ကြီးဌာနက မည်သို့ဆောင်ရွက်ခဲ့သည်ကို ဖော်ပြခြင်းမရှိပေ။

.

၎င်းတို့တွင် လုံခြုံရေးအရာရှိများကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု၊ ရဲစခန်းများနှင့် ယာဉ်တန်းများကို ပစ်မှတ် ထားရန် ကြိုးပမ်းမှုတွင် အပြစ်ရှိကြောင်း ထင်ရှားသော ဆော်ဒီနိုင်ငံသား ၃၇ ဦးတို့ ပါဝင်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများက ရုရှား၏ ယူကရိန်းကို ကျူးကျော်ရန် အာရုံစိုက်နေချိန်တွင် ၎င်းအစုလိုက် အပြုံ လိုက်ကွပ်မျက်ခြင်းသည် ဆော်ဒီအာရေးဗျ၏ လူ့အခွင့်အရေးမှတ်တမ်းကို ပြန်လည် အာရုံစိုက် လာဖွယ် ရှိနေပါသည်။

လူ့အခွင့်အရေးအဖွဲ့များက ဆော်ဒီအာရေဗျသည် နိုင်ငံရေးနှင့်ဘာသာရေးအသုံးအနှုန်းဆိုင်ရာ တင်းကျပ်သည့် ဥပဒေများကို ပြဋ္ဌာန်းထားသည်ဟု စွပ်စွဲကာ အရွယ်မရောက်သေးသည့်အချိန်က ဖမ်းဆီးခံထားရသည့် တရားခံ များအတွက် သေဒဏ်ကို အသုံးပြုသည်ဟု ဝေဖန်ထားသည်။

“ဆော်ဒီရဲ့ ကြိုးတိုက်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေပါဝင်ပြီး ကလေးသူငယ်တွေကို ဖမ်းဆီးတာ ဒါမှမဟုတ် အကြမ်းမဖက်တဲ့ ရာဇ၀တ်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်” ဟု သေဒါဏ်ဆန့်ကျင်ရေး ပရဟိတအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူး Soraya Bauwens က ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်ပေးမှုကို ခံရတဲ့ သူတို့အားလုံးအတွက် ကျွန်မတို့ စိုးရိမ်ပါတယ်” ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျသည် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များအား ငြင်းဆိုထားပြီး တရားစီရင်ရေး လုပ်ငန်းစဉ်အတွင်း ဆော်ဒီဥပဒေအောက်တွင် ၎င်းတို့၏အခွင့်အရေးများ အပြည့်အဝ အာမခံထားကြောင်းနှင့် နိုင်ငံလုံခြုံရေးကို ၎င်း၏ဥပဒေများဖြင့် ကာကွယ်ထားကြောင်း ပြောကြားခဲ့သည်။

ထင်ရှားသော ရှီးယိုက် မွတ်စလင် ဘာသာရေးခေါင်းဆောင် Nimr al-Nimr အပါအဝင် စုစုပေါင်း လူ ၄၇ ဦးကို ၂၀၁၆ ခုနှစ်တွင် တစ်ရက်တည်း ကွပ်မျက်ခဲ့ဖူးသည်။

ဘာသာပြန် – အာသစ်

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.