မော်လမြိုင် ၊ မတ် (၁၃)

စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်နေတဲ့အတွက်ကြောင့် မွန်ပြည်နယ်အတွင်းက စက်သုံးဆီအရောင်းဆိုင်တွေမှာ ရောင်းအား ထက်ဝက်နီးပါး ကျဆင်းလာတယ်လို့ စက်သုံးဆီအရောင်းဆိုင် တာဝန်ခံတွေက ပြောပါတယ်။

စက်သုံးဆီ ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း မြန်မာငွေ တန်းဖို ကျဆင်းလာတာနဲ့ ရုရှား-ယူကရိန်း စစ်ပွဲ ကယက်ကြောင့် ဈေးနှုန်း ဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီဈေးနှုန်းဟာ ဒီဇယ်ဆီ တစ်လီတာ ကျပ် ၂၂၀၀ နီးပါး၊ ဓာတ်ဆီ တစ်လီတာကို ကျပ် ၂၁၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်နေတာပါ။

စက်သုံးဆီ အရောင်းဆိုင် မန်နေဂျာ တစ်ဦးကတော့ စက်သုံးဆီ ဈေးနှုန်း မြင့်တက်နေတဲ့အတွက်ကြောင့် ဝယ်ယူ သုံးစွဲသူ သိသိသာသာ ကျဆင်းနေတယ်လို့ ပြောပါတယ်။

“ ရောင်းအားက ထက်ဝက်နီးပါးလောက် ကျသွားတယ် ။ ဈေးက အများကြီးတက်သွားတော့ အခြေခံလူတန်းစားတွေအတွက် ခက်ခဲသွားတာပေါ့။ ဒီဆီဈေးနဲ့ သူတို့အလုပ်မလုပ်နိုင်တော့ဘူး” လို့ ဆိုပါတယ်။

စက်သုံးဆီဈေးနှုန်း မြင့်တက်နေတဲ့အတွက်ကြောင့် အဝေးပြေယာဉ်လိုင်းတွေ၊ ကုန်တင်ကားတွေနဲ့ သုံးဘီးတက္ကဆီမောင်းသူတွေ လုပ်ငန်း ရပ်နားလာသလို စီးပွားရေး လုပ်ငန်းတွေကလည်း စက်သုံးဆီဈေးနှုန်းကြောင့် အထွေထွေကုန်စရိတ်ကြီးမြင့်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်တုန်းက ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် တစ်လီတာကို ၃ ဆကျော်ထိ ဈေးနှုန်း မြင့်တက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.