မော်လမြိုင် ၊ မတ် (၁၂)

လေးကေကော်ဒေသမှာ အခုရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား နှစ်ဖက် စစ်ရေးပိုမို တင်းမာလာတယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

လေးကေကော်ဒေသမှာတော့ မတ်လဆန်းပိုင်းကစပြီး နှစ်ဖက် စစ်ရေး ပြန်လည် တင်းမာလာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီက လေယာဉ်နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်တွေ လာရောက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တပ်မဟာ ၆ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ပြန်လည်ဆုတ်ခွာရုပ်သိမ်းပေးဖို့နဲ့ ပြန်လည်ရုတ်သိမ်းတာ မရှိရင် နောင်ဖြစ်လာမယ့်အကျိုးဆက်ပြသနာတွေဟာ စစ်ကောင်စီရဲ့တာဝန်သာဖြစ်တယ်လို့ သတိပေးစာ ပေးပို့ပြီနောက် နှစ်ဖက် စစ်ရေး ပိုမို တင်းမာလာခဲ့တာပါ။

စစ်ကောင်စီက နိုင်ငံတဝန်းမှာ တစ်နှစ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာထားပေမယ့် KNU တပ်မဟာ(၅) အပါအဝင် တပ်မဟာ(၆) ထိန်းချုပ်နယ်မြေတွေမှာ စစ်အင်အား ပိုမို တိုးချဲ့တာတွေ လုပ်ဆောင်လာတယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေကော်မြို့သစ်အပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေနဲ့ ကော့ကရိတ်တောင်ပိုင်းဒေသက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်အခြေချနေရာယူ စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် ဒေသခံရွာသားတွေကတော့ နေရပ်ကိုပြန်မလာရဲကြဘဲ ဘေးလွတ်ရာမှာတိမ်းရှောင်နေရဆဲပဲဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.