မော်လမြိုင် ၊ မတ် (၁၂)

မြန်မာပြည်တောင်းပိုင်ဒေသတွေ ဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်ဝင်တန်းကို ဖြေဆိုဖို့ လျှောက်ထားသူ ဦးရေ ၅၀၀၀၀ ကျော် ကျဆင်းလာတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီ လက်ထက်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ လျှောက်ထားမှုဟာ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက် ၂၀၂၀ စာသင်နှစ်နဲ့ နှိုင်းယှဉ်ရင် မွန်ပြည်နယ်အနေနဲ့ အယောက် ၃၀၀၀၀ ကျော်ကနေ ၁၀၀၀၀ ကျော်ထိ ကျဆင်းလာတာပါ။

ဒါ့အပြင် ကရင်ပြည်နယ်မှာလည်း တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ လျှောက်ထားသူ အယောက် ၂၀၀၀၀ ကျော်ကနေ ၆၀၀၀ နီးပါးထိ ကျဆင်းလာသလို တနင်္သာတိုင်းမှာတော့ အယောက် ၂၃၀၀၀ ကျော်ကနေ ၅၀၀၀ နီးပါးထိ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူတွေ သိသိသာသာ ကျဆင်းသွားလာရတာဟာ စစ်ကောင်စီရဲ့ပညာရေး အလိုမရှိတာအပြင် စစ်တပ် အာဏာသိမ်းပြီးနောက် စီးပွားရေး အတင်းအကြပ်နဲ့ ရင်ဆိုင်နေရလို့ ကျောင်းသားမိဘတွေ ကျောင်းမထားနိုင်တာကြောင့် ဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် စာသင်ချိန် အပြည့်အဝ သင်ကြားမှု မရှိတာကြောင့် ကျောင်းသူ၊ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ရင်လည်း အရည်အချင်း ရှိဖို့ မလွယ်သလို နိုင်ငံ့ရဲ့ အနာဂတ်လည်း မတွေ့ဝံ့စရာ ဖြစ်နေတယ်လို့ CDM ဆရာမ တစ်ဦးက ပြောပါတယ်။

“စာသင်ချိန်ကလည်း အပြည့်အဝ မဟုတ်ဘူး၊ ဝန်ထမ်းတွေကလည်း မပြည့်မစုံနဲ့ ကျောင်းသားကလည်း အမှန်တကယ်က သိပ်ပြီး မပြည့်စုံတော့ပါဘူး၊ ထိရောက်တဲ့ သင်ကြားမှု မျိုးမပေးနိုင်ဘဲနဲ့ ဒီကလေးတွေကို ဘယ်လိုနည်းတွေနဲ့ ဖြေဆိုပြီးတော့ ဘယ်လို အောင်ချက် မြင့်မာရေးတို့ အရည်အချင်း အစစ်အမှန်နဲ့ ကျောင်းသူ ကျောင်းသားတွေ ဖြစ်လာဖို့တော့ မလွယ်ပါဘူး၊ ဒီစနစ်ကြီးအတိုင်းနဲ့ ဆက်သွားနေလိုကတော့ ပညာရေးဟာ လုံးဝကို အောက်ဆုံးကို ရောက်သွားပြီးတော့ ကျမတို့နိုင်ငံမှာ လူတော်လူကောင်းတွေကို ဆုံးရှုံးပြီး နိုင်ငံရဲ့ အနာဂတ်က ရှေ့ဆက်ပြီး မတွေးဝံ့စရာကို ဖြစ်နေတော့မှာဘဲ”လို့ ဆိုပါတယ်။

အာဏာာသိမ်း စစ်ကောင်စီကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို မတ်လ ၃၁ ရက်နေ့ကနေ ဧပြီ ၅ ရက်နေ့ထိ ကျင်းပပြုသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရလဒ်တွေကို ဖက်ဒရယ်ပညာရေး စနစ်မှာ လက်ခံမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.