မော်လမြိုင်၊ မတ် ၁၂

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာသူ ရွှေ့ပြောင်းနေထိုင်သူ ၅ သိန်းကျော်ထိ ရှိလာပြီး၊ အခုတစ်ပတ်အတွင်း နေရပ်စွန့်ခွာသူ ၅ သောင်းကျော် ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်ဘက်ကို နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူတွေမှာ ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေနဲ့ ဆောင်းရာသီသုံးပစ္စည်းတွေ လုံလောက်စွာ မရရှိနိုင်တာကြောင့် တချို့သော စစ်ရှောင်‌တွေဟာ မူလနေထိုင်ရာ ကယားပြည်နယ်ကို ပြန်လာကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါပေမယ့် ကယားပြည်နယ်အတွင်း တိုက်ပွဲ‌တွေဆက်လက်ဖြစ်ပွားနေတာကြောင့် နေရပ်ပြန်တွေအနေနဲ့ နေရပ်စွန့်ခွာရမှု တစ်ကျော့ ပြန်လည်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတယ်လို့ UNHCR က ခန့်မှန်းထားတာပါ။



ဒါ့အပြင် နေရပ်စွန့်ခွာသူတွေဟာ အစားအစာ၊ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားသော အခြေခံလိုအပ်ချက် ဝန်ဆောင်မှုတွေ စတဲ့အကူအညီတွေ အရေးတကြီး လိုအပ်လျက်ရှိနေတယ်လို့ UNHCR က ဆိုပါတယ်။

တစ်ဖက်မှာလည်း ယမန်နှစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ယခုနှစ်၊ မတ် ၇ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် နိုင်ငံတဝန်းမှာ လူနေအိမ်ပေါင်း ၆၇၀၀ ကျော် ပျက်စီးသွားခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

လူနေအိမ် မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၄၀၀၀ နီးပါးအထိ အများဆုံးဖြစ်ပြီး မကွေးတိုင်း၊ချင်းနဲ့ ကယားပြည်နယ်တို့မှာလည်း နေအိမ်တွေ ရာနဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.